တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ ဒုတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၄) ထုတ်ပြန်

ဇန်နဝါရီလ ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားမျှတမှုရရှိစေရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်ဖြင့် တတိယအကြိမ်မြောက် “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)” ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နှစ်စဉ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)” ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)တွင် တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်စေရန်အတွက် မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၅)ရပ်ဖြစ်သည့် တရားရုံးဝန်ဆောင်မှုများ အများပြည်သူလက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ အများပြည်သူ၏ အသိအမြင်ကိုမြှင့်တင်ပေးရန်၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှုစွမ်းရည်မြှင့်တင်ရန်၊ တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်နှင့် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များကို အရေးကြီးမှုအစီအစဉ်အလိုက် ဦးစားပေးအဆင့်များသတ်မှတ်၍ နှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိပါသည်။

သို့ဖြစ်ရာ၂၀၂၃ ခုနှစ်တွင် ဦးစားပေးအဆင့်(၁) အစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ခဲ့ပြီး၊ ယခု ၂၀၂၄ ခုနှစ်တွင် ယခင်နှစ်များက မပြီးပြတ်သေးသော လုပ်ငန်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန်နှင့် အသစ်ထပ်မံဆောင်ရွက်ရန်ကိစ္စများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ ၂၀၂၄ ဒုတိယနှစ်လုပ်ငန်းအစီအစဉ်ကို ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်၏ အင်တာနက်စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။