ရခိုင် ဆားကြမ်းများ အရည်အသွေးနိမ့်ကျမှုကြောင့် ဘင်္ဂလား မဝယ်ယူတော့


ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ်မှ ထုတ်လုပ်သည့် ဆားကြမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခင်က တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ဆားကြမ်း၏ အရည်အသွေးနိမ့်ကျမှုကြောင့် နောက်ပိုင်းတွင် ဝယ်ယူမှုမရှိတော့ကြောင်းသိရသည်။
ဆားကြမ်းများအရည်အသွေးကောင်းမွန်စေရန် ထပ်မံပြုလုပ်ရမည့် ရင်းနှီးမြှပ်နှံမှုများအတွက် ဆားတောင်သူတွေအခက်ကြုံနေရကြောင်း သိရသည်။
“ဆားကြမ်းအရည်အသွေး ကောင်းမွန်စေဖို့ ဆားကွင်းတွေကို ​ပြန်ပြီးပြုပြင်ရမှာတွေရှိတယ်။ နေလှမ်းဆားဆ်ုပေမယ့် မြေနဲ့ ဆားကြားမှာ ပလပ်စတစ်ခင်းရမှာတွေရှိတယ်။ ဆားကွင်းက ဆယ်ဧက ဆိုရင်ပဲ ရင်းရမယ့်အရင်းအနှီးကမနည်းဘူး။ မရင်းနှီးနိုင်ကြတော့ဘူးလေ ဒါကြောင့် မိရိုးဖလာအတိုင်းသွားကြတာပေါ့။”ဟု ဆားတောင်သူတစ်ဦးမှပြောသည်။
အရည်အသွေးကောင်း၊ အဆင့်မီ ဆားကုန်ကြမ်း၊ ကုန်ချောများ ထုတ်လုပ်နိုင်ရေးမြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရန် ဆားကိုလုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည့်အပြင် ပိုလျှံအောင်လည်း ထုတ်လုပ်နိုင်ကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဆားကြမ်းနှင့် ဆားချောများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက်လက်ရှိဆားထုတ်လုပ်နေသည့် ဆားတောင်သူများ၊ ဆားလုပ်ငန်းရှင်များတွင် ရင်းနှီးမြှုပ်နှံမှု၊ ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာများ စသည့်လိုအပ်ချက်များ ရှိနေသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အဓိကကျသည့် ဆားထုတ်လုပ်ရာ ဒေသကြီးများမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး ဆားထုတ်လုပ်မှု၏ ၆၆ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့်‌ ဒေသဖြစ်ပြီး ကျန် ၃၄ ရာခိုင်နှုန်းခန့်ကို ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ထုတ်လုပ်ကြသည်။

မြန်မာနိုင်ငံတွင် ရှေးယခင်က ဆားကိုဖိုဖြင့်ချက်လုပ်သုံးစွဲ ခဲ့ခြင်းဖြစ်သော်လည်း ပင်လယ်ရေမှ နေလှန်းဆားထုတ်လုပ်သည့် နည်းလမ်းကို လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆားကွင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။

နေလှန်းဆားလုပ်ငန်းသည် သီးနှံစိုက်ပျိုးသည့် လုပ်ငန်းများကဲ့သို့ပင် ရာသီချိန်လုပ်ငန်းဖြစ်ပြီး မိုးလေဝသကောင်းမွန်မှုအပေါ်တွင် မှီတည်နေသည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းနှင့် ပြည်တွင်းကုန်ဈေးနှုန်းတို့၏ ရိုက်ခတ်မှုများလည်းရှိသည်။ကမ္ဘာပေါ်တွင် ဆားထုတ်လုပ်သည့် နိုင်ငံပေါင်း ၉၃ နိုင်ငံရှိပြီး မြန်မာနိုင်ငံ၏ ဆားထုတ်လုပ်မှုမှာ အဆင့် ၅၁ တွင် ရှိသည်ဟုဆိုသည်။

ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းများ ပိုင်ဆိုင်သည့်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆားထုတ်လုပ်နိုင်စွမ်းရှိသော်လည်း အရည်အသွေးကောင်းမွန် အဆင့်မီထုတ်လုပ်နိုင်မှသာ ပြည်ပဈေးကွက်တွင် တိုးဝင်နိုင်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် အဓိက ဆားထုတ်လုပ်ရာဒေသဖြစ်ပြီး လပွတ္တာ၊ ငပုတော၊ ဖျာပုံဒေသများက အများဆုံးထုတ်လုပ်ကြခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများတွင် အဆိုပါဒေသများသည် အပြင်းထန်ဆုံးခံခဲ့ရသည့်အနက် ဆားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဆားထုတ်လုပ်သူများ၊ ဆားကွင်းအလုပ်သမားများပါ သေကျေပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ဆားထုတ်လုပ်မှုလျော့ကျသွားသည့် အဆိုပါကာလအတွင်း ပြည်တွင်းဆားဈေးကွက်သို့ ပြည်ပမှ ဆားများ ဝင်ရောက်လာသည်။

အထူးသဖြင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ဆားများဖြစ်ပြီး အရည်အသွေးကောင်းမွန်မှု၊ ထုပ်ပိုးမှုကောင်းမွန်မှု စသည့်အားသာချက်များကြောင့် ပြည်တွင်းမှ ထုတ်လုပ်သည့်ဆားများထက် ဈေးပိုမိုမြင့်မားသည့်တိုင် ဈေးကွက်တွင် အခိုင်အမာနေရာယူနိုင်ခဲ့သည်ကို တွေ့ရသည်။

လူတစ်ဦး တစ်နေ့လျှင် ဆားကျပ်သား တစ်ဝက်ခန့်စားသုံးမှုနှင့် တွက်ချက်ပြီး မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆားချော တန်ချိန် ၁၆၀၀၀၀ ကျော် လိုအပ်သည်ဟုဆိုသည်။

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် လိုအပ်ချက်များ ပြည့်စုံသည်နှင့်အမျှ ပြည်တွင်းဈေးကွက်ရော ပြည်ပဈေးကွက်ပါ အလားအလာရှိပြီးဖြစ်သည်။

လူတိုင်းနေ့စဉ်မရှိမဖြစ် စားသုံးနေရပြီး စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများတွင်လည်း မပါမဖြစ်သုံးစွဲနေရသော ဆားကြမ်း၊ ဆားချောထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေးတို့ကို အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါသည်။

#PAN