ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၁၂) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ

မယ်ငီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၂) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်နက်ကျင်းပခဲ့ရာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ Awami League ပါတီက ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိခဲ့ပြီး ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် လေးကြိမ်ဆက်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။

မဲပေးသူ ထက်ဝက်ခန့် လျော့နည်း

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၈ ပါတီမှ ကိုယ်စားလှယ်လောင်း ၁၉၇၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၄၃၆ ဦး ပါဝင်ခဲ့သည်။ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၁၉၆၈၉၂၈၉ ဦးရှိပြီး အမျိုးသား ၆၀၇၆၉၇၄၁ ဦး၊ အမျိုးသမီး ၅၈၉၁၈၆၉၉ ဦးနှင့် လိင်ပြောင်းလဲထားသူ ၈၄၉ ဦးတို့ဖြစ်သည်။ မဲပေးသူရာခိုင်နှုန်း ၄၁ ဒသမ ၈ ရာခိုင်နှုန်းကျော်ရှိပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ရှိခဲ့သည့်အတွက် မဲပေးသူထက်ဝက်ခန့် လျော့နည်းခဲ့သည်။

သတင်းမီဒီယာသမားများအပါအဝင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ၂၀၇၇၃ ဦးတို့က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့ကြပြီး နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူ ၂၀၀ ကျော်လည်းပါဝင်ခဲ့သည်။ မဲရုံတာဝန်ရှိသူပေါင်း ၈၀၀၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

မဲဆန္ဒနယ်မြေ ၃၀၀ နယ်မြေအဖြစ် ပိုင်းခြားသတ်မှတ်ထားသည့် ပြည်နယ်ရှစ်ပြည်နယ်၌ မဲရုံအရေအတွက် စုစုပေါင်း ၂၆၁၅၆၄ ရုံ ဖွင့်လှစ်ခဲ့သည်။ မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ရာတွင် တစ်ဆက်တစ်စပ်တည်းဖြစ်သော နယ်မြေဒေသများ၌ နေထိုင်သည့်လူဦးရေအပေါ်မူတည်၍ ခွဲဝေသတ်မှတ်ခြင်းဖြစ်ရာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ခွဲဝေသတ်မှတ်ခြင်းကို ၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းအပေါ်မူတည်၍ ခွဲဝေသတ်မှတ်ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် မဲဆန္ဒ နယ်မြေ ၃၀၀ အနက် ၂၉၉ နေရာ၌ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး Naogaon – 2 မဲဆန္ဒနယ်၌ ကိုယ်စားလှယ်လောင်းတစ်ဦး ကွယ်လွန်သွားသည့်အတွက် အဆိုပါမဲဆန္ဒနယ်၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၂၉၉ နယ်အနက် လက်ရှိအာဏာရပါတီ Awami League ပါတီက ၂၂၃ နေရာအနိုင်ရရှိခဲ့ပြီး အတိုက်အခံပါတီဖြစ်သော Bangladesh Nationalist Party (BNP) ပါဝင်ခြင်းမရှိသည့်အတွက် ကျန်နေရာများကိုလည်း ၎င်း၏ မိတ်ဖက်ပါတီများကသာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲရလဒ်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်-
စဉ် ပါတီအမည် ကိုယ်စားလှယ်နေရာ မှတ်ချက်

၁ Awami League ၂၂၃

၂ Jatiya Party ၁၁
(Ershad)

၃ Bangladesh ၁
Kalyan Party

၄ Jatiya ၁
Samajtantrik Dal

၅ Workers Party ၁
of Bangladesh

၆ တစ်သီးပုဂ္ဂလ ၆၂

၇ လစ်လပ် ၁
စုစုပေါင်း ၃၀၀

ဘင်္ဂလား‌ဒေ့ရှ်လွှတ်တော် (Jatiya Sangsad) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဥပဒေပြုရေးအာဏာကို Jatiya Sangsad ဟုခေါ်ဆိုသည့် ဘင်္ဂလားဒေ့ရှ် လွှတ်တော်တွင် အပ်နှင်းထားပြီး ကိုယ်စားလှယ် ၃၅၀ ဖြင့် ဖွဲ့စည်းထားသည်။ ကိုယ်စားလှယ် ၃၅၀ အနက် ၃၀၀ ကို မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စား လှယ်တစ်ဦးနှုန်းဖြင့် ရွေးကောက်တင်မြှောက်ပြီး ကျန်ကိုယ်စားလှယ် ၅၀ ကိုမူ အမျိုးသမီးကိုယ်စားလှယ်များအတွက် သီးခြားသတ်မှတ်ပေးထားသည်။ အဆိုပါ အမျိုးသမီးကိုယ်စားလှယ်နေရာများကို ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များက အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ ရွေးချယ်ပေးခြင်းဖြစ်သည်။ လွှတ်တော်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

လက်ရှိလွှတ်တော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ တွင် သက်တမ်းစတင်ခဲ့ရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ် သည်။ ဘင်္ဂလားဒေ့ရှ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲကျင်းပပြီးစီးရမည် ဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်

(၁၂) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဥက္ကဋ္ဌတစ်ဦး၊ အဖွဲ့ဝင်လေးဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌမှာ Kazi Habibul Awal ဖြစ်သည်။ ကော်မရှင်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် နေ့ရက်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်-

စဉ် အကြောင်းအရာ နေ့ရက်

၁ ရွေးကောက်ပွဲဆိုင်ရာ ၂၀၂၃ ခုနှစ်
နေ့ရက်များ ကြေညာခြင်း နိုဝင်ဘာ ၁၅

၂ ကိုယ်စားလှယ်လောင်းများ ၂၀၂၃ ခုနှစ်
အမည်စာရင်းတင်သွင်းခြင်း နိုဝင်ဘာ ၃၀

၃ ကိုယ်စားလှယ်လောင်း ၂၀၂၃ ခုနှစ်
အမည်စာရင်းတင်သွင်းလွှာ ဒီဇင်ဘာ ၁ မှ
စိစစ်ခြင်း ဒီဇင်ဘာ ၄

၄ အမည်စာရင်းတင်သွင်းလွှာ ၂၀၂၃ ခုနှစ်
ရုပ်သိမ်းနိုင်သည့် ဒီဇင်ဘာ ၁၇
နောက်ဆုံးနေ့ရက်

‌ ၅ ရွေးကောက်ပွဲတွင် ၂၀၂၃ ခုနှစ်

အသုံးပြုမည့် အမှတ်အသားများ ခွဲဝေသတ်မှတ်ပေးခြင်း ဒီဇင်ဘာ ၁၈

၆ ရွေးကောက်ပွဲ ၂၀၂၃ ခုနှစ် မဲဆွယ်စည်းရုံးခြင်း ဒီဇင်ဘာ ၁၈ မှ ၂၀၂၄ ခုနှစ်
ဇန်နဝါရီ ၅

၇ ရွေးကောက်ပွဲကျင်းပခြင်းနှင့် ၂၀၂၄ ခုနှစ် ရလဒ်ကြေညာခြင်း ဇန်နဝါရီ ၇
ရွေးကောက်ပွဲမဲစနစ်

မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) စနစ် အသုံးပြုကာ မဲဆန္ဒနယ် ၃၀၀ နယ်တွင် ရွေးကောက်ပွဲ ကျင်းပဆောင်ရွက်ခြင်း ဖြစ်သည်။

မဲရုံဖွင့်ချိန် ပိတ်ချိန်

မဲရုံများကို ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၄ နာရီတွင် ပိတ်သိမ်းခဲ့သည်။ ကိုယ်စားလှယ်လောင်း ၁၉၇၀ က ကိုယ်စားလှယ် နေရာ ၃၀၀ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်။

အတိုက်အခံပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ၄၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဓိကပါတီကြီး နှစ်ပါတီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပါတီစုံစနစ်ကျင့်သုံးသည်ဟုဆိုသော်လည်း အဓိကပါတီကြီး နှစ်ပါတီဖြစ်သော Awami League ပါတီနှင့် Bangladesh Nationalist ပါတီတို့ကသာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အာဏာစွဲကိုင်ခွင့် ရရှိနေခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ် မှစ၍ Awami League ပါတီသည် အာဏာရပါတီအဖြစ် လေးကြိမ်တာဝန်ယူခဲ့ပြီး Bangladesh Nationalist ပါတီက နှစ်ကြိမ် တာဝန်ယူခဲ့သည်။ ထိုအချိန်မှစ၍ ပါတီကြီးနှစ်ပါတီသည် အာဏာရပါတီနှင့် အတိုက်အခံပါတီအဖြစ် တစ်လှည့်စီ နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

Awami League ပါတီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဖြစ်သော၊ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ဖခင် Sheikh Mujibur Rahman က Awami League ပါတီကို ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၉ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ Awami League ပါတီတစ်ပါတီတည်းကသာ ရွေးကောက်ပွဲအနိုင်ရရှိ၍ အာဏာစွဲကိုင်ခွင့်ရရှိနေပြီး အစိုးရအဖွဲ့၏ အတိုက်အခံအင်အားစုများအပေါ် အာဏာရှင်ဆန်ဆန် ဖမ်းဆီးထိန်းထိမ်းခဲ့မှုများကြောင့် Awami League ပါတီအား တစ်ပါတီအာဏာရှင် စနစ်သို့ သွားနေကြောင်း နိုင်ငံရေးလေ့လာသူများက ပြစ်တင်ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေခဲ့သော်လည်း အသက် ၇၇ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် လေးကြိမ်ဆက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်သွားတော့မည် ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် Bangladesh Awami League ပါတီသည် (၂၂) ကြိမ်မြောက် ပြည်ထောင်စုအဆင့်ညီလာခံကို ကျင်းပခဲ့ရာ ရှိတ်ဟာဆီနာ (Sheikh Hasina Wazed) အား ပါတီဥက္ကဋ္ဌအဖြစ် (၁၀) ကြိမ်မြောက် ထပ်မံရွေးချယ်ခဲ့ပြီး ၎င်း၏ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ ကိုယ်စားလှယ်နေရာများ ရရှိခဲ့သည်။

ရှိတ်ဟာဆီနာကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ဂိုပါလ်ဂန်ခရိုင် တွန်ဂျီပါရာမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၆ ခုနှစ် ရွေးကောက်ပွဲတွင် Awami League ကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အတိုက်အခံအဖြစ် ရပ်တည်ခဲ့သည်။ ယင်းနောက် ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲတွင် Awami League ပါတီ ပြန်လည်အနိုင်ရရှိခဲ့ပြီး ရှိတ်ဟာဆီနာသည် ဝန်ကြီးချုပ် ရာထူးပြန်လည်ရယူကာ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိလည်းကောင်း သုံးကြိမ်ဆက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိရာ ယခုအကြိမ် တာဝန်ထမ်းဆောင်မှုသည် လေးကြိမ်ဆက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုပါ ထည့်သွင်းရေတွက်ပါက ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံးသော အမျိုးသမီးအစိုးရခေါင်းဆောင်အနေဖြင့် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

Bangladesh Nationalist ပါတီ

Bangladesh Nationalist ပါတီကို ၁၉၇၈ ခုနှစ်တွင် တပ်မတော်အကြီးအကဲဟောင်း Ziaur Rahman က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၁ ခုနှစ် တွင် Ziaur Rahman လုပ်ကြံခံရပြီးနောက် ၎င်း၏ ဇနီးဖြစ်သူ Khaleda Zia က ၂၀၁၈ ခုနှစ်မတိုင်မီအထိ ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၇၆ နှစ်အရွယ်ရှိ Khaleda Zia သည် ၂၀၂၀ ပြည့်နှစ်မှစ၍ နေအိမ်အကျယ်ချုပ်ကျခံနေရသူဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခွင့် ကန့်သတ်ခြင်းခံထားရသူ ဖြစ်သည်။

လက်ရှိ ပါတီခေါင်းဆောင်မှာ ၎င်း၏သားဖြစ်သူ Tarique Rahman ဖြစ်ပြီး ၎င်းသည်လည်း ၂၀၀၄ ခုနှစ်တွင် ရှိတ်ဟာဆီနာအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် မျက်ကွယ်ပြစ်ဒဏ် ထောင်ဒဏ် တစ်သက်ချမှတ်ခံခဲ့ရပြီး တရားခံပြေးအဖြစ် လန်ဒန်တွင် နေထိုင်နေရသည်မှာ ဆယ်စုနှစ်တစ်ခုစာမျှ ရှိပြီဖြစ်သည်။ အခြားသော ထင်ရှားသည့်ပါတီဝင်များမှာလည်း နိုင်ငံရပ်ခြားရောက်ရှိနေသူများနှင့် အဂတိလိုက်စားမှု၊ အစွန်းရောက်အကြမ်းဖက်မှု စသည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူများပင် ဖြစ်သည်။

၂၀၀၆ ခုနှစ်နောက်ပိုင်း အတိုက်အခံပါတီအဖြစ်သာ ရပ်တည်နိုင်ခဲ့သည့် Bangladesh Nationalist ပါတီ (BNP) သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်အား ဖျက်သိမ်းရန်နှင့် သမာသမတ်ကျသော အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းပေးရေးတောင်းဆိုမှုများဖြင့် နိုင်ငံတစ်ဝန်းစည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် Khaleda Zia နှင့် ၎င်း၏ သား Tarique Rahman တို့နှင့်စပ်လျဉ်းသည့် စွဲချက်များကို ပယ်ဖျက်ပေးရန်တို့ကိုပါ တောင်းဆိုခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲသမိုင်းတစ်လျှောက် အိမ်စောင့်အစိုးရမဟုတ်သော အစိုးရတစ်ရပ်ရပ်မှ ကျင်းပပေးသည့် ရွေးကောက်ပွဲတိုင်းသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ပြစ်တင်ဝေဖန်ရန်များ ရှိခဲ့သည့်အတွက်၊ ရွေးကောက်ပွဲမတိုင်မီ အိမ်စောင့်အစိုးရတစ်ရပ်ဖွဲ့စည်းရေး BNP ပါတီ၏ တောင်းဆိုမှုကို အစိုးရအနေဖြင့် လိုက်လျောခြင်းမရှိခဲ့သည့်အတွက် BNP သည် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

ရွေးကောက်ပွဲများတွင် ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များ

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် BNP အပါအဝင် အဓိကအတိုက်အခံပါတီ လေးပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပြီး ကိုယ်စားလှယ်နေရာ ၃၀၀ နေရာအနက် ၁၅၃ နေရာအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြပေ။ Awami League ပါတီက ကိုယ်စားလှယ်နေရာ ၂၃၄ နေရာ အနိုင်ရရှိခဲ့သည်။ နိုင်ငံတစ်ဝန်း အကြမ်းဖက်ဖြစ်စဉ်များ အများအပြား ပေါ်ပေါက်ခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် လူ ၂၄ ဦးခန့် သေဆုံးခဲ့ရသည်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် EVM စက်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့သည်။ Awami League ပါတီက ကိုယ်စားလှယ်နေရာ ၃၀၀ နေရာ အနက် ၂၈၈ နေရာ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ကြောင်း နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်‌ ရွေးကောက်ပွဲတွင် BNP ပါတီအပါအဝင် အခြားသော အတိုက်အခံပါတီများက သပိတ်မှောက်ခဲ့ကြသည်။ BNP ပါတီက မဲမပေးရေးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့ပြီး အတိုက်အခံလှုပ်ရှားသူပေါင်း ၂၀၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံအုပ်စုများက အစိုးရအား ရာထူးမှနုတ်ထွက်ပေးရေး ဖိအားပေးဆန့်ကျင်ဆန္ဒပြတောင်းဆိုခဲ့ပြီး မြို့ပတ်မီးရထား မီးရှို့တိုက်ခိုက်မှု၊ ကားများ မီးရှို့ဖျက်ဆီးမှုကဲ့သို့သော အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကာ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ရသည်။

အထွေထွေ

Awami League ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် နိုင်ငံခြားသံတမန်များ ပါဝင်သည့် ဧည့်ခံပွဲတစ်ခုသို့ တက်ရောက်ခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများမှ သံအမတ်များ တက်ရောက်၍ ၎င်း၏အနိုင်ရရှိမှုအား ဂုဏ်ပြုခဲ့ကြသည်ကို ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြလျက်ရှိသည်။

အတိုက်အခံပါတီဖြစ်သော Bangladesh Nationalist ပါတီက သပိတ်မှောက်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့သည့် ၂၀၂၄ ခုနှစ် ဘင်္ဂလား‌‌ဒေ့ရှ် ‌ရွေးကောက်ပွဲသည် ရွေးကောက်ပွဲမတိုင်မီ ကန့်ကွက်ဆန္ဒပြမှုများ၊ အကြမ်းဖက်လုပ်ရပ်များ အများအပြားပေါ်ပေါက်ခဲ့ပြီး အတိုက်အခံပါတီဝင်များအား အစိုးရအဖွဲ့၏ အင်အားသုံးနှိမ်နင်းမှုများကြောင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ပြစ်တင်ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသော်လည်း ငါးကြိမ်မြောက် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှုအဖြစ် ရှိတ်ဟာဆီနာအား ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက မဲပေးသူရာခိုင်နှုန်း နည်းပါးစွာဖြင့် ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြပြီးဖြစ်သည်။

#PAN

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။