ငြိမ်းချမ်းစွာ ပဋိပက္ခ ဖြေရှင်းရေး

ပြည်သာကျော်

တိုက်ပွဲတွေကြောင့် တိုက်ရိုက်ထိခိုက်ခံစားနေရသူတွေနဲ့ သွယ်ဝိုက်ပြီး ခံစားနေရသူတွေရဲ့ စားဝတ်နေရေးအခက်အခဲ၊ အကျပ်အတည်းတွေဟာ နိုင်ငံအတွက် အနုတ်လက္ခဏာဆောင်နေပါတယ်။ အနုတ်လက္ခဏာတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မလား၊ ဒါမှမဟုတ် အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် မှန်ကန်တဲ့အဖြေထုတ်ပေးနိုင်မလားဆိုတာ အတိတ်ကအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ်။

ယခင်ကလည်း နိုင်ငံရေးသဘောထားကွဲလွဲတာတွေ ကြုံခဲ့ရပြီးပါပြီ။ သဘောထားကွဲလွဲတဲ့အခါတိုင်းလည်း လက်နက်ကိုင်ဖြေရှင်းခဲ့ကြပါတယ်။ လက်နက်ကိုင်ဖြေရှင်းကြတိုင်းလည်း ပဋိပက္ခတွေ ပြေလည်သွားစေတာထက် ဘေးထွက်ဆိုးကျိုးတွေပဲ ကြုံခဲ့ကြရတာပါ။ အခုလည်း ကြုံနေဆဲပါ။ ဒီဆိုးကျိုးတွေကို အမြစ်ဖြတ်ဖို့ဆိုရင် ပြဿနာရဲ့ဇာစ်မြစ်ကို နားလည်လက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းဖြေရှင်းကြဖို့လိုပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ယဉ်ကျေးမှုအတွက် ရေခံမြေခံကောင်းမရှိပါဘူး။ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ယဉ်ကျေးမှု အားနည်းတဲ့အတွက် အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ပါတယ်။

အခုဆိုရင် ပဋိပက္ခတွေဟာ ပြည်တွင်းရေးအဆင့်ကို ကျော်လွန်ပြီး ပြည်ပရဲ့စွက်ဖက်ကြိုးကိုင်တာတွေကို ရင်ဆိုင်နေရပါတယ်။ ပြင်ပက အမြတ်ထုတ်လိုတဲ့သူတွေက အခွင့်ကောင်းကို အသုံးချနေကြတာ မျက်ဝါးထင်ထင်ပါပဲ။ ပြည်ပရဲ့စွက်ဖက်မှုတွေကြောင့် အကျပ်အတည်းတွေဟာ ပိုနက်နဲလာပြီး နိုင်ငံရဲ့အချုပ်အခြာ၊ နယ်မြေ၊ စည်းလုံးညီညွတ်မှုနဲ့ လွတ်လပ်ရေးအတွက် ကြီးမားတဲ့အန္တရာယ်တွေ ဖြစ်လာနေပါတယ်။ ဒါဟာ နိုင်ငံ့အနာဂတ်အတွက် လိုအပ်နေတဲ့ အဖြေမဟုတ်ပါဘူး။

ပဋိပက္ခအရင်းခံ အကြောင်းတရား

ပဋိပက္ခတွေဆိုတာက ပါဝင်ပတ်သက်သူတွေရဲ့ ရည်မှန်းချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှုတွေနဲ့ပတ်သက်လို့ အခြေအနေတစ်ခုမှာ ဖြစ်ပွားတဲ့အငြင်းပွားမှုတွေဖြစ်ပါတယ်။ ပဋိပက္ခတစ်ခု ဖြစ်လာရင် အဲဒီပဋိပက္ခရဲ့ အပေါ်ယံလွှာကို ကြည့်ရသလို ပဋိပက္ခရဲ့ မူလဇာစ်မြစ် ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ရည်မှန်းချက်တွေနဲ့ ယုံကြည်ချက်တွေကို ရှာဖွေကြရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းတွေဟာ နိုင်ငံရေးသဘောထားကွဲလွဲမှု တွေအပေါ်မှာ အခြေခံခဲ့တယ်လို့ ယေဘုယျပြောနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာက နိုင်ငံရေးအရင်းခံအကြောင်းတရားတစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံရေးရဲ့နောက်ကွယ်က အတ္တတွေ၊ ကိုယ်ကျိုးစီးပွားတွေ၊ အာဃာတတွေနဲ့ မယုံကြည်မှုတွေပါဝင်နေပြီး အဲဒါတွေက ပဋိပက္ခတွေကို အမြစ်ပွားစေလျက်ရှိပါတယ်။

လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ဖို့ ရည်မှန်းခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးချိန်မှာတော့ ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်တဲ့အခြေခံတွေကို မတည်ဆောက်နိုင်ဘဲ အာဏာလွန်ဆွဲမှုတွေသာဖြစ်ခဲ့ပါတယ်။ အဲဒီအာဏာလွန်ဆွဲမှုတွေဟာ မူလရည်မှန်းထားတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးဆီကို ဦးမတည်တော့ဘဲ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သံသရာလည်ခဲ့ပါတယ်။ တဖြည်းဖြည်းကြာရှည်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ တိုင်းရင်းသားအချင်းချင်းအကြားမှာ မယုံကြည်မှု၊ အာဃာတနဲ့ နာကြည်းမှုတွေကို ပေါက်ပွားစေခဲ့ပါတယ်။ တစ်စတစ်စအမြစ်စွဲသလိုစွဲလာတဲ့ ပဋိပက္ခဇာစ်မြစ်တွေဟာ ကြာလာလေ ဖြေရှင်းရခက်လေ ဖြစ်လာပြီး ပဋိပက္ခအသစ်တွေ တစ်ခုပြီးတစ်ခု ပေါက်ပွားစေခဲ့ပါတယ်။

ပဋိပက္ခဇာစ်မြစ်တွေဟာ ကာလကြာရှည်လာတာနဲ့အမျှ ပိုမိုရှုပ်ထွေးလာပါတယ်။ ဒီတော့ ပိုမိုရှုပ်ထွေးလာတဲ့ ပဋိပက္ခဇာစ်မြစ်တွေကို ဖြေရှင်းဖို့အတွက် ရှုမြင်ရာမှာ ရှုထောင့်တစ်ခုတည်းက ကြည့်ရုံနဲ့ မပြည့်စုံတော့ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ နိုင်ငံတကာဆက်ဆံရေးစတဲ့ ရှုထောင့်အသီးသီးကနေ သူ့ဘက်ကိုယ့်ဘက်အခြေအနေတွေကို အပြန်အလှန် မျှတစွာ ရှုမြင်မှသာ ပြဿနာတွေရဲ့အဖြစ်မှန်နဲ့ ဇာစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းနိုင်မှာပါ။

ပြည်ပစွက်ဖက်မှုနှင့် ပဋိပက္ခကျယ်ပြန့်လာမှု

ဒီကနေ့ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွားဖော်ဆောင်မှုနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုတွေ ပြင်းထန်နေပါတယ်။ နိုင်ငံတိုင်းက အများအကျိုးနဲ့ ကိုယ့်နိုင်ငံအကျိုးယှဉ်လာရင် ကိုယ့်နိုင်ငံအကျိုးစီးပွားကိုပဲ အဓိကဦးစားပေးကြပါတယ်။ ကိုယ့်နိုင်ငံအကျိုးစီးပွားအောင်မြင်ဖို့အတွက် နိုင်ငံတကာဆက်ဆံရေးမှာ နှောင်ကြိုးတွေ၊ အပေးအယူတွေ၊ အကျပ်ကိုင်မှု စတဲ့နည်းလမ်းမျိုးစုံသုံးပြီး နောက်ကွယ်ကနေ ကိုယ်ကျိုးစီးပွား ရည်မှန်းချက်တွေကို အပြိုင်အဆိုင်ဖော်ဆောင်နေကြပါတယ်။

အင်အားကြီးနိုင်ငံတွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ အင်အားနည်းတဲ့ နိုင်ငံတွေကို အသုံးချကြပါတယ်။ နိုင်ငံငယ်တွေအတွက် အကျိုးနည်းနည်း၊ သူတို့အတွက် အကျိုးများများလုပ်ဆောင်ကြပါတယ်။ အင်အားကြီးနိုင်ငံအချင်းချင်း အားပြိုင်ရာမှာလည်း နိုင်ငံငယ်တွေဟာ ကြားခံစစ်နယ်မြေအဖြစ် အသုံးချခံနေကြရပါတယ်။

လတ်တလောဖြစ်နေတဲ့ ယူကရိန်းနိုင်ငံဖြစ်စဉ်ဟာ အတုယူစရာကောင်းတဲ့ နိုင်ငံတကာဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံတွေအတွက် အသုံးချခံနယ်မြေတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အသုံးချဖို့ ကြိုးစားနေတာကြာပါပြီ။ မြန်မာနိုင်ငံအနေနဲ့ ဒါကိုရှောင်လွှဲလို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ပထဝီအနေအထားကို ပြောင်းလဲလို့ မရပေမယ့် အဲဒီအခြေအနေကို နိုင်ငံ့အကျိုးစီးပွားအတွက် ဘယ်လိုအသုံးချနိုင်မလဲဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ အိမ်နီးချင်းနိုင်ငံဆက်ဆံရေးမူဝါဒအတွက် အရေးပါပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခတွေဟာ ကိုယ်ကျိုးစီးပွားအမြတ်ထုတ်လိုတဲ့နိုင်ငံတွေအတွက် အခွင့်ကောင်းဖြစ်နေပါတယ်။ အခွင့်ကောင်းကို အမြတ်ထုတ်ပြီး ပြင်ပက စွက်ဖက်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေဟာ တစ်စတစ်စ ကျယ်ပြန့်လာပြီး ပြည်တွင်းရေးသက်သက်ထက် ကျော်လွန်လာပါတယ်။ လက်ရှိကျယ်ပြန့်နက်ရှိုင်းလာတဲ့ ပြည်တွင်းရေးပဋိပက္ခတွေဟာ အန္တရာယ်ကို ဖိတ်ခေါ်နေပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေကို ခြိမ်းခြောက်နေပါတယ်။

နိုင်ငံ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေ

ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတွေအတွက် ကြီးမားတဲ့အန္တရာယ်တွေဖြစ်ပါတယ်။ ယခင်ကတော့ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေကြောင့်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ပြည်တွင်းရေးသက်သက်ပါပဲ။ အခုတော့ အဲဒီပဋိပက္ခအခြေအနေဟာ ပြည်တွင်းရေးအဆင့်ကို ကျော်လွန်ပြီး တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ်အဖြစ် တွေ့နေရပါတယ်။ အနော်ရထာမင်းလက်ထက်ကစလို့ ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တာ နှစ်ပေါင်းထောင်ချီ ရှိနေပါပြီ။ သမိုင်းတစ်လျှောက်မှာ နယ်ချဲ့တွေရဲ့ သိမ်းပိုက်ခံရမှုအပါအဝင် ပြည်တွင်း၊ ပြည်ပအန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်တွန်းလှန်ပြီး နိုင်ငံတော်ကို အဓွန့်ရှည်စွာထိန်းသိမ်းကာကွယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း စည်းလုံးမှုပြိုကွဲမှုဟာ နိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါတယ်။ ဆယ်စုနှစ် ခုနစ်စု ကျော်ကြာနေတဲ့ နိုင်ငံရေးသဘောထားကွဲလွဲတာတွေကို မျှတစွာ မဖြေရှင်းနိုင်တဲ့အတွက် ပြဿနာတွေဟာ ပိုပြီးကြီးလာခဲ့ပါတယ်။

ကြီးမားကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြောင့် မီးလောင်ရာလေပင့်ခံနေရပါတယ်။ ဒီတော့ ကိုယ့်ပြည်တွင်းရေးပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်သရွေ့ ပြည်တွင်း၊ ပြည်ပခြိမ်းခြောက်ခံရမှုတွေက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာအဖြစ် ရှိနေဦးမှာပါ။ ဒါကြောင့် ကိုယ့်ပြည်တွင်းရေးပဋိပက္ခရဲ့ အရင်းခံအကြောင်းတရားတွေကို ထိရောက်စွာဖြေရှင်း ရမှာဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံတကာဆက်ဆံရေးမူဝါဒနဲ့ အိမ်နီးချင်းနိုင်ငံဆက်ဆံရေးမူဝါဒ တွေကို နိုင်ငံရဲ့အကျိုးစီးပွားနဲ့အညီ ကျင့်သုံးဖို့လိုပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်တဲ့မူဝါဒတွေဟာ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု များစွာ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

အကျိုးဆက်များ

ကမ္ဘာပေါ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှည်ကြာတဲ့ ဘယ်နိုင်ငံမှာမဆို နိုင်ငံကို အဘက်ဘက်က ချွတ်ခြုံကျစေပါတယ်။ အထူးသဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရုန်းကန်နေရပြီး ပြည်ပ စွက်ဖက်မှုခံရတဲ့နိုင်ငံတိုင်းဟာပဋိပက္ခတွေက ရုန်းထွက်ဖို့နဲ့ နိုင်ငံပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအပြင် နောက်ကွယ်က ကြိုးကိုင်ပံ့ပိုးပေးနေသူတွေကြောင့် တိုက်ခိုက်မှုတွေ ကျယ်ပြန့်လာပြီး နိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေစိုးမိုးရေးနဲ့ အစိုးရရဲ့လုပ်ငန်းတွေကို အားနည်းယိုယွင်းစေလျက်ရှိပါတယ်။

လတ်တလောမှာ နယ်မြေဒေသမတည်ငြိမ်မှုတွေက စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေဖြစ်လာပြီး လက်လုပ်လက်စားတွေနဲ့ ပုံမှန်ဝင်ငွေသာရှိတဲ့သူတွေအတွက် ကြီးမားတဲ့အကျပ်အတည်းတွေနဲ့ ရုန်းကန်နေကြရပါတယ်။ နေ့စဉ်ဘဝရှင်သန်ရပ်တည်ဖို့ ကျပ်တည်းလာတဲ့အတွက် ဥပဒေချိုးဖောက်တာတွေ၊ လူမှုကျင့်ဝတ်ပျက်စီးတာတွေဖြစ်စေပါတယ်။ အဲဒါတွေနဲ့ဆက်စပ်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကိုပါ ထိခိုက်စေပါတယ်။ ရေရှည်ထိခိုက်စေတာက လူတစ်ဦးချင်းရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်စေခြင်းနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်တွေကို ထိခိုက်ပျက်စီးစေခြင်းဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ပြန်လည်တည်ဆောက်ဖို့ လွယ်ကူပေမယ့် စိတ်ပိုင်းဆိုင်ရာပျက်စီးမှုတွေဟာ အချိန်များစွာ ပြန်လည်တည်ဆောက်ယူရမှာဖြစ်ပါတယ်။

ပြည့်အင်အားတည်ဆောက်

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးတွေဟာ အချင်းချင်းဖြစ်တဲ့ သဘောထားကွဲလွဲမှုတွေဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အချင်းချင်း ကာလရှည်ကြာစိတ်ဝမ်းကွဲတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးဟာ အခက်အခဲ တွေရှိနေဆဲပါ။ ဒါကြောင့် နိုင်ငံတည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်ကိုပြပါဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပဲ ညွှန်ပြရမှာဖြစ်ပါတယ်။ မတူကွဲပြားမှုတွေများပြားတဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။

နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကာကွယ်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု လိုအပ်ပါတယ်။ နိုင်ငံ့အင်အားဆိုတာ အခြားနေရာမှာမရှိပါဘူး။ နိုင်ငံတွင်းမှာပဲ ရှိပါတယ်။ မြန်မာ့သမိုင်းမှာ နိုင်ငံ့အင်အားလျော့နည်းခဲ့တဲ့အတွက် သူတစ်ပါးရဲ့သိမ်းပိုက်မှုကို ခံခဲ့ရပြီးပါပြီ။ အဲဒီအတိတ်သမိုင်းဟာ ကြီးမားတဲ့သင်ခန်းစာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများစွာ စုစည်းနေထိုင်ကြတဲ့နိုင်ငံမှာ နိုင်ငံ့အင်အားတည်ဆောက်ဖို့ဆိုတာ အခြားနိုင်ငံတွေထက် ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးများပြားပြီး ကြီးမားတဲ့နိုင်ငံတွေမှာတောင် မတူကွဲပြားမှုတွေနဲ့ နိုင်ငံ့အင်အားကို တည်ဆောက်နိုင်ကြပါတယ်။ နိုင်ငံ့အင်အားတွေဆိုတာ အလိုလိုဖြစ်လာတဲ့အရာတွေ မဟုတ်ပါဘူး။ တောင်းဆိုနေရုံ၊ တိုက်တွန်းနေရုံနဲ့ လည်းမရပါဘူး။ အားလုံးက စိတ်တူကိုယ်တူနဲ့ လက်တွေ့တည်ဆောက် ယူကြရတာပါ။ အဲဒီလိုတည်ဆောက်ဖို့ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့မှာ နက်နဲရှုပ်ထွေးမှုတွေ များပြားပါတယ်။ ထိရောက်တဲ့ရလဒ်ရရှိဖို့အတွက် ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှု၊ အရည်အချင်း၊ ခေါင်းဆောင်နိုင်မှု၊ စိတ်ရှည်သည်းခံမှု၊ စိတ်ရင်းစေတနာ တွေ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လွတ်လပ်ရေးမရခင်ကတည်းက ကြိုးပမ်းခဲ့ကြပါတယ်။ လွတ်လပ် ရေးရယူဖို့အတွက် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ဝါးအစည်းပြေသလို ပြေသွားခဲ့ပါတယ်။ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်လို့ ဖြစ်လာတဲ့နိုင်ငံရေးဝိဝါဒတွေဟာ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို မီးမွှေးပေးလိုက်သလိုပါပဲ။

တဖြည်းဖြည်းနှစ်ကာလကြာရှည်လာတဲ့ တိုင်းရင်းသားပဋိပက္ခတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းအားတွေကို လျော့နည်းစေခဲ့ပါတယ်။ ပြည်တွင်းအားတွေ လျော့နည်းလာခြင်းဟာ ကိုယ်ခံအားလျော့ကျလာတဲ့ လူတစ်ယောက်လိုပါပဲ။ ကိုယ်ခံအား လျော့ကျလာတာနဲ့ အခြားရောဂါမျိုးစုံဝင်လာမှာပါ။ အခြားရောဂါတွေ ဝင်မလာဖို့ဆိုရင် ကိုယ်တိုင်က ကိုယ်ခံအားကောင်းနေဖို့ ကြိုးစားတည်ဆောက်ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဖြေရှင်းရေး

ပြည်တွင်းအားတွေ တည်ဆောက်ဖို့အတွက် ဦးစွာ ပြည်တွင်းအားကို လျော့ကျစေတဲ့ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ လျှော့ချဖို့လိုပါတယ်။ ပဋိပက္ခတစ်ရပ်ကို ငြိမ်းချမ်းစွာဖြေရှင်းခြင်း ဆိုတာ အကြမ်းမဖက်ဘဲ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ အငြင်းပွားမှု ဒါမှမဟုတ် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းခြင်းနဲ့ ဖြေရှင်းတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီတော့ အချင်းချင်းသဘောကွဲလွဲတာတွေ ပြေလည်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးတို့အတွက် ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေဟာ အဓိကလိုအပ်ချက်အဖြစ် တွေ့ရပါတယ်။

ဖြေရှင်းရာမှာလည်း ပြဿနာတွေဟာ ကွင်းဆက်ပမာ ဆက်နွှယ်နေတဲ့အတွက် ဟန်ချက်ညီညီဖြေရှင်းဖို့လိုပါတယ်။ ပဋိပက္ခတွေ မပြေလည်ဘဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မတည်ဆောက်နိုင်သလို အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ ခက်ခဲပါတယ်။ ငြိမ်းချမ်းမှုမရှိဘဲနဲ့ နိုင်ငံတည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ နိုင်ငံရေးမကျေလည်မှုတွေနဲ့ပတ်သက်လို့ ယခင်ကလည်း တွေ့ကြုံခဲ့ရပြီးပါပြီ။ အဲဒီသဘောကွဲလွဲတာတွေကို ခေတ်အဆက်ဆက် ဖြေရှင်းခဲ့ကြပေမယ့် ပြဿနာတွေရဲ့အခြေခံဇာစ်မြစ်ကို ထိရောက်စွာ မဖြေရှင်းနိုင်သေးပါဘူး။ ပြဿနာရဲ့အကိုင်းအခက်ဖြစ်တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကိုသာ ဖြေရှင်းနေတုန်းပါ။

အဲဒီတော့ ပြဿနာရဲ့ မူလအရင်းခံအကြောင်းတရားတွေကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို အမာနည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခဲ့ကြလို့ ရှိပြီးသားပြဿနာတွေ မပြေလည်တဲ့အပြင် ပြဿနာအသစ်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ငြိမ်းချမ်းစွာနဲ့ မျှတစွာမဖြေရှင်းနိုင်ခြင်းက ပဋိပက္ခတွေကို ပိုပြီးကြာရှည်စေခဲ့ပါတယ်။

နောက်ပြီး ပြဿနာတစ်ရပ်ဖြေရှင်းရာမှာ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲ ဇွတ်မှိတ်ရပ်တည်နေခြင်းကလည်း အပြုသဘောရလဒ်တွေနဲ့ ဝေးကွာစေခဲ့ပါတယ်။ ဒီတော့ သူ့ဘက်ကိုယ့်ဘက် ပြည်သူလူထုဘက်ဆိုတဲ့ သုံးဘက်မြင်ကြည့်ဖို့လိုပါတယ်။ ပဋိပက္ခတွေရဲ့ ကျယ်ပြန့်မှု၊ နက်ရှိုင်းမှုနဲ့ ရှုမြင်မှုတွေဟာ ပါဝင်ပတ်သက်သူတွေအပေါ် မူတည်နေတဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် မှန်ကန်တဲ့စေတနာနဲ့ ရိုးသားမှုရှိမှ ယုံကြည်မှုရရှိပြီး ငြိမ်းချမ်းစွာဖြေရှင်းရေးကို ထိရောက် စေပါလိမ့်မယ်။ ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှု၊ ပူးပေါင်းလုပ်ဆောင်မှု၊ အပြုသဘောဆက်ဆံရေးတွေ တည်ဆောက်နိုင်ပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် ဝန်းကျင်ကောင်းတွေ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။