ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

ဇန်နဝါရီလ ၂၀

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင် (ခ) ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး (ခ) လင်းချေ၊ မောင်ရွှေသိန်းနှင့် နေဇော်လတ်တို့ရှစ်ဦးအား ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ရဲရန်အောင်လမ်းရှိ နေအိမ်မှ မစောခင်ကျော် (ခ) စောခင်အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိတရားခံ သန်းစိုး ငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း (၃) ခေမာသီလမ်းသွယ် (၂) ရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေ ကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများ အနက် မောင်ရွှေသန်း (ခ) ကျော်သန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews