နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသောဆောင်းပါးများ

တိုင်းပြည်ကောင်းကျိုးဖြစ်ထွန်းရေးကြိုးပမ်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မတူကွဲပြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် နှစ်ကာလရှည်လျားစွာ ကမ္ဘာ့အလယ်တွင် တည်တည် ငြိမ်ငြိမ် သိက္ခာရှိရှိ နေထိုင်လာခဲ့ကြသည်။ သို့သော် မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ကိုလိုနီလက်အောက် နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်း ကုပ်သွေးစုပ်အမြတ်ထုတ် သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရသည်။

နှစ်ပေါင်းတစ်ရာကျော်သွေးခွဲအုပ်ချုပ်ခဲ့သည့်ဆိုးမွေတို့ကို လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ခံစားနေရဆဲဖြစ်သည်။ ကိုလိုနီလက်အောက် ဖိနှိပ်အုပ်ချုပ်မှုအောက်မှ တိုင်းရင်းသားပြည်သူအားလုံးက မျိုးချစ်စိတ်ဓာတ်ဖြင့် အသက်သွေးချွေးပေါင်းများစွာပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သော်လည်း လွတ်လပ်ရေးရရှိသောအခါ သွေးခွဲအုပ်ချုပ်ခဲ့သည့်အမွေဆိုးကြောင့် ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့ထက်တိုင်အောင် ဖြစ်ပေါ်လျက်ရှိသည်။

အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက် တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာခံစားနေကြရသည်။ ထို့အပြင် လက်နက်ကိုင်အဖျက်လုပ်ရပ်များကြောင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သဖြင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းလာအောင် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့်အချိန်ကာလဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အကျိုးစီးပွားဖြစ်ထွန်းရေး ဆောင်ရွက်ခြင်းသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ ကုန်စည်စီးဆင်းမှုနှင့် သွားလာဆက်သွယ်မှုပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင်ဖျက်ဆီးခြင်းတို့အပြင် အများပြည်သူပိုင်ယာဉ်၊ အဆောက်အအုံ၊ ဈေး၊ ကျောင်းများဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ကျောင်း၊ စာသင်ကျောင်း၊ ရုံးအဆောက်အအုံစသည်တို့ကို ဖျက်ဆီးခြင်းသည် လွန်စွာအကျည်းတန်အရုပ်ဆိုးပြီး ဒေသခံပြည်သူ များ စိတ်နှလုံးထိခိုက်မှုကိုဖြစ်စေသည်။

“မိမိတို့ ပြည်ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက်ရင်ဆိုင်နေကြရမည်သာဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသောအခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် အသိပေး ထားသည်။

လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ကောင်းကျိုးဖြစ်ထွန်းလာမည်မဟုတ်သကဲ့သို့ နိုင်ငံတော်အတွက်ပါ အန္တရာယ်ဖြစ်စေနိုင်သည်ကို သတိထားဆင်ခြင်သင့်သည်။ တိုင်းရင်းသားပြည်သူ အားလုံး၏ဆန္ဒနှင့် မျှော်လင့်ချက်မှာ အေးချမ်းစွာနေထိုင်နိုင်ရေးဖြစ်သည်။ အကြမ်း ဖက်တိုက်ခိုက်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မလိုလားပေ။ အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေရေးအဆင်ပြေစေရေးတို့ကို လိုလားကြသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ကာ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်နိုင် မည်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့်တိုင်းရင်းသားပြည်သူအားလုံး၏အရေးကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မမှိတ်မသုန်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ တိုင်းပြည်နှင့်တိုင်းရင်းသားပြည်သူများကို ထိခိုက်ပျက်စီးစေသည့် အကြမ်းဖက်သောင်းကျန်းမှုလုပ်ငန်းများကို ဝိုင်းဝန်းဆန့်ကျင်ကြကာ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး တိုင်းပြည်ကောင်းကျိုးများကို ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

PAN