နိုင်ငံပိုင်သတင်စာများတွင်ဖော်ပြထားသော ဆောင်းပါးများ

အွန်လိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် ယနေ့ကမ္ဘာ

မျိုးမြတ်မိုး (MANA)

ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာအခြေအနေများအပါအဝင် အခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာတို့နှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရသည့်ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ်ကုန်သွယ်ရေး (e-commerce) လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အဆိုးထဲမှ အကောင်းဟု မှတ်ယူရမည်ဖြစ်သည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးဆိုသည်မှာ အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အင်တာနက်ပေါ်မှ ကုန်ပစ္စည်းများကို အီလက်ထရွန်နစ်နည်းဖြင့် ဝယ်ခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။ ကပ်ရောဂါကာလ၏ e-commerce ရောင်းအားလည်း လက်လီရောင်းချမှုအားလုံးတွင် သိသိသာသာမြင့်တက်ခဲ့သည်။ ကိုဗစ်ကာလအကျပ်အတည်းသည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကိုလည်း အရှိန်မြှင့်တင်ပေးခဲ့သည်။ စားသုံးသူများ၏ဘဝကို နေ့ချင်းညချင်းပြောင်းလဲသွားစေပြီး လက်လီရောင်းချမှုတွင် အွန်လိုင်းလက်လီဈေးကွက်က ထဲထဲဝင်ဝင် နေရာယူခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် အသုံးပြုနေ

UNCTAD အဆိုအရ ကမ္ဘာလုံးဆိုင်ရာ e-commerce သည် ကိုဗစ်ကပ်ရောဂါကြောင့် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၇ ထရီလီယံသို့ ခုန်တက်ခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီ ၁၃ ခု အတွက် အွန်လိုင်းစီးပွားရေးမှ စားသုံးသူထံ ရောင်းအားသည် ဒေါ်လာ သုံးထရီလီယံနီးပါးရှိသည်ဟု ဆိုထားသည်။ ကမ္ဘာကြီး၏အရွေ့သည် စတုတ္ထမြောက်စက်မှုတော်လှန် ရေး (Industry Revolution 4.0) သို့ သွားနေပြီဖြစ်ရာ နိုင်ငံအများအပြားသည် ခေတ်နှင့်လျော်ညီသည့် နည်းပညာများဖြင့် လိုက်ပါပြောင်းလဲနေကြရပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပထမဦးဆုံးအကြိမ် ထုတ်ပြန်ခဲ့သော နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ (ITU) ၏ အစီရင်ခံစာတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သော ၃ ဒသမ ၉ ဘီလီယံသည် အင်တာနက်၊ အွန်လိုင်းတွင် ရှိနေကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် အသုံးပြုနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အင်တာနက်သုံးစွဲမှု တဖြည်းဖြည်း တိုးလာနေကြောင်း၊ အင်တာနက်ကို အသုံးပြုရာတွင် လူအများစုမှာ မိုဘိုင်းဖုန်းများမှတစ်ဆင့် အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည်လည်း မိုဘိုင်းဖုန်းအသုံးပြုသူ များပြားလာမှုနှင့်အတူ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံကို အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ တွင်ကျယ်လျက်ရှိသည်။ အွန်လိုင်းပေါ်၌ ကြော်ငြာရောင်းချနေကြသည့် ပစ္စည်းအများစုမှာ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်၊ ထောက်ခံချက်ရှိကြသကဲ့သို့ တရားဝင်ရောင်းချခွင့်ပြုထားသည့် အထောက်အထား အမှတ်အသားများ မပါရှိကြသူများလည်းရှိသည်။ ထို့ပြင် အချို့မှာရောင်းချသည့် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထည့်သွင်းဖော်ပြခြင်းမရှိသည့်အပြင်၊ ရောင်းချသည့်ပစ္စည်း၏ ထုတ်လုပ်ရာနေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပေ။ ဝယ်ယူသုံးစွဲသူများဘက်က နစ်နာမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အရေးယူဆောင်ရွက်နိုင်ရန်အတွက် အခက်ကြုံကြရသည်။ အွန်လိုင်းလက်လီဈေးကွက်တွင် ဖြစ်ပွားလေ့ရှိသည့် ရောင်းသူနှင့် ဝယ်သူကြား အငြင်းပွားမှုများ၊ စားသုံးသူအခွင့်အရေး ကာကွယ်မှုများအတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည့် ပလက်ဖောင်းတစ်ခု လိုအပ်နေသည်။

ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပို၍အရေးပါလာ

မျက်မှောက်ကာလတွင် နည်းပညာကို အခြေခံသည့် ပစ္စည်းများ၊ ဆန်းသစ်သော စိတ်ကူးများအပေါ်တွင် အခြေခံသည့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပို၍အရေးပါလာသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်း ဖုန်းသုံးစွဲသူအားလုံး၏ ၈၀ ရာခိုင်နှုန်းအထက်သည် Smart Phone များ သုံးစွဲနေကြသဖြင့် အဆိုပါနှုန်းထားသည် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းနိုင်ငံများအကြား မြင့်မားသည့်နှုန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေခံမြေခံကောင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ကာလကြာရှည်ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒစ်ဂျစ်တယ်စီးပွားရေးကို အွန်လိုင်းပေါ်မှတစ်ဆင့် လက်တွေ့ကျကျ အသုံးပြုလာကြသည်ကို တွေ့မြင်နေရသည်။ အွန်လိုင်းမှတစ်ဆင့် အစားအသောက်များ မှာယူသုံးစွဲမှုမှအစ လူသုံးကုန်ပစ္စည်းများ၊ ရုံးသုံး၊ အိမ်သုံးပစ္စည်းများအထိ ဝယ်ယူသုံးစွဲလာကြသည်။ အဆင်ပြေမှုများရှိသကဲ့သို့ မတော်တဆမှားယွင်းမှု၊ ရည်ရွယ်ချက်ရှိရှိဖြင့် မလိမ့်တပတ် အလုပ်ခံရမှု များလည်း ရှိလာသည်

#PAN