ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော်ရရှိ

ဇန်နဝါရီ ၁၄

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ရရှိခဲ့သည်။ ယခုရက်သတ္တပတ်တွင် လယ်ယာကဏ္ဍမှ ‌ပြောင်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆန်၊ နှမ်း၊ ကြက်သွန်နီ၊ ချင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူးငှက်ပျောသီး၊ ငှက်ပျောသီး(ရိုးရိုး) တို့ တင်ပို့မှုပိုမိုခဲ့သည်။

တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသဖြင့် တရုတ်နိုင်ငံမှ မြန်မာ့သစ်သီးဝလံများအား ဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့သည်။ ယခုရက်သတ္တပတ်တွင် ဖရဲ၊ သခွား (သခွားမွှေး)၊ ငှက်ပျောသစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ်ဂျယ်၊ ကံပိုင်တည်နယ်စပ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၃၅၀၀၀ ခန့်အထိ တိုးတက်တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် တာချီလိတ်၊ မောတောင်နယ်စပ်တို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီးများကိုလည်း တင်ပို့လျက်ရှိသည်။ ယခုအပတ် သစ်သီးဝလံတင်ပို့မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိရရှိခဲ့သည်။

မြန်မာ့ပြောင်းအား ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့်ကာလအစ ဖေဖော်ဝါရီလသို့ ရောက်ရှိတော့မည်ဖြစ်၍ ပြောင်း ပိုမိုတင်ပို့လာနိုင်တော့မည်ဖြစ်သည်။ နှစ်စဉ် ပြောင်းစေ့တန်ချိန် ၂ ဒသမ ၆ သန်းအထိ တင်ပို့မှုရှိရာ ယခုနှစ်တွင်လည်း ပြောင်းလုပ်ငန်းရှင်များအနေဖြင့် အဓိကဈေးကွက် ထိုင်းနိုင်ငံအပါအဝင် ပြောင်းဝယ်လိုအားများပြားသည့် ဖိလစ်ပိုင်၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံများသို့ တိုးတက်တင်ပို့နိုင်ရေး၊ ယခင်ဈေးကွက်ရရှိတင်ပို့ခဲ့ပြီး လက်ရှိတင်ပို့မှုပျောက်ကွယ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ ယူအေအီးစသည့် ဈေးကွက်များသို့ ပြန်လည်တင်ပို့နိုင်ရေးကို ချိတ်ဆက်ဆောင်ရွက်နေကြပြီဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်သည့်နည်းတူ ယခုရက်သတ္တပတ်တွင် ရေထွက်ပစ္စည်းများကိုလည်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုတို့မှ ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့သည်။ ရေထွက်ကုန်များကို ယခုအပတ်တွင် ပင်လယ်ရေကြောင်း/ လေကြောင်းဖြင့် နိုင်ငံပေါင်း ၂၀ သို့ တန်ချိန် ၃၀၇၀ နှင့် တရုတ်၊ ထိုင်း အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်စခန်းများမှတစ်ဆင့် တန်ချိန် ၇၇၈၀ စုစုပေါင်းတန်ချိန် ၁၀၈၅၀ တင်ပို့နိုင်ခဲ့သည်။ ပြည်တွင်းမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ရွှေဝါငါးကြင်း၊ တီလားဗီးယား၊ ငါးခုံးမ၊ ငါးသိုင်းခေါင်းပွစသည့် အမျိုးအစားပေါင်းစုံလင်စွာ တင်ပို့မှုရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုပမာဏကို မြှင့်တင်ရာ၌ မွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ ပုစွန်မွေးမြူရေးကန်များမှ မွေးမြူထုတ်လုပ်သည့် ပနားမီးပုစွန်များကို တရုတ်၊ ဂျပန်ဈေးကွက်များသို့ တင်ပို့လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်ရှိ ပြည်ပတင်ပို့မှုအတွက် ရည်ရွယ်သည့် ငါးတန်မွေးမြူရေးစီမံကိန်းမှ ယခုနှစ်အတွင်း ပြည်ပတင်ပို့နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၃) ရပ်အနက် ပထမဦးတည်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ ပိုမိုစိုက်ပျိုး၊ ထုတ်လုပ်၊ တိုးတက်တင်ပို့ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။