ဈေးဝယ်စင်တာများပါ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ရမည်”

ဇန်နဝါရီလ ၁၄

ဈေးဝယ်စင်တာတွေအနေနဲ့ မိမိတို့ရဲ့ စင်တာတွေမှာ ခင်းကျင်းပြသရောင်းချတဲ့ ဆန်အိတ်တွေအတွက် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေးကို အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်ဖို့ စားသုံးသူရေးရာဦးစီးဌာနက အသိပေး ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်တွင်းဆန်ဈေး တည်ငြိမ်စေရေးနဲ့ ပြည်ပကို ဆန်တင်ပို့မှု စနစ်တကျသတ်မှတ်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဆန်စပါးကဏ္ဍမှာ ပုံမှန်လုပ်ကိုင်နေသူတွေကို ဝန်ထုပ်ဝန်ပိုးနဲ့ ထိခိုက်မှုမရှိစေဖို့၊ ဈေးကစားလိုတဲ့ ရည်ရွယ်ချက်နဲ့ သမားရိုးကျ ရောင်းဝယ်တာမဟုတ်တဲ့ လုပ်ငန်းတွေကို ထိန်းကျောင်းနိုင်ဖို့၊ ဈေးဝယ်အရောင်းစင်တာတွေနဲ့ လက်လီ လက်ကား ဆန်ဆိုင်တွေမှာ ခင်းကျင်းရောင်းချမှုတွေအတွက် သိုလှောင်မှုတွေ စနစ်တကျရှိစေဖို့ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စီးပွားဖြစ်ရောင်းဝယ်ရန်အတွက် ဆန်တန်ချိန် ၅၀ ဒါမှမဟုတ် စပါးတင်း ၅,၀၀၀ နဲ့အထက် သိုလှောင် ထားရှိမှုတွေကို မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်မှာ မှတ်ပုံတင်ဖို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အသိပေးကြေညာထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီးမှာ သိုလှောင်ရုံ ၈၇ လုံး၊ ဧရာဝတီတိုင်းဒေသ ကြီးမှာ သိုလှောင်ရုံ ၅၂ လုံး၊ ပဲခူးတိုင်းဒေသကြီးမှာ သိုလှောင်ရုံ ၁၀ လုံး၊ မန္တလေးတိုင်းဒေသကြီးမှာ သိုလှောင်ရုံ ၄ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ သိုလှောင်ရုံ ၁ လုံး၊ နေပြည်တော်ကောင်စီနယ်မြေမှာ သိုလှောင်ရုံ ၁၉ လုံးနဲ့ ရခိုင်ပြည်နယ်မှာ သိုလှောင်ရုံ ၁ လုံး၊ စုစုပေါင်း သိုလှောင်ရုံ ၁၇၄ လုံးကို မှတ်ပုံတင်ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews