နိုင်ငံပိုင်သတင်းစာများမှဆောင်းပါးများ

“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း”

နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အထူးစီးပွားရေးဇုန်များကို အဓိကအားထားအကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုများရရှိနေသည်ကို မြင်တွေ့ရသည်။ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိရာ သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်လျက်ရှိပြီး ကျောက်ဖြူနှင့်ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရေးကို နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှု နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၁၄ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ ရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ ပထမတစ်နှစ်တာ ခန့်မှန်းအလုပ်အကိုင်ဖန်တီးနိုင်မှုအခြေအနေမှာ အလုပ်သမား ၃၇၀၀၀ ကျော်နှင့် ပြည်ပပညာရှင်၊ ပြည်ပအလုပ်သမား ၈၈၇ ဦးရှိခဲ့သော်လည်း အလုပ်အကိုင်ဖန်တီးနိုင်မှုအရေအတွက် နည်းပါးသေးသည်ဟု ဆိုနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုများ အသစ်ထပ်မံတိုးပွားလာမှုအပေါ်မူတည်၍ ပညာရှင်များနှင့် အလုပ်သမားများ အလုပ်အကိုင်ရရှိရေး တိုးတက်လာမည်ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများနှင့်ပေါင်းစပ်၍ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း MSME လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းများနှင့် ပြည်တွင်းထုတ်ကုန်များ၏ အခြားသောပစ္စည်းများကို မြန်မာကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော်တင်ပို့နိုင်ခဲ့သည်။ MSME လုပ်ငန်းများမှထွက်ရှိသည့် ပြည်တွင်းထုတ်ကုန်ကြမ်းများနှင့် အခြားသောပစ္စည်းများကို ယခုထက် ပိုမိုတင်ပို့နိုင်ရန်နှင့် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေရရှိရေး ထုတ်ကုန်အရည်အသွေးပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၁ ခုနှစ်တွင် စီမံခန့်ခွဲမှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်အကျိုးစီးပွားကို အဓိကထားပြီး တင်းကျပ်စွာဆောင်ရွက်ခဲ့သည့်အတွက် နှစ်နှစ်တာကာလအတွင်း အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ ထို့နောက် လုပ်ငန်းကော်မတီဦးဆောင်၍ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်မှုကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ လက်မှတ်ရေးထိုးပြီးနောက် သက်တမ်းတိုးကာလအတွင်း လုပ်ဆောင်ရမည်များကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်မည်ဆိုပါက အထူးစီးပွားရေးဇုန် အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း တာဝန်ပေးထားသည့် အီတာလျံ-ထိုင်း ကုမ္ပဏီက အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းများရပ်စဲထားရသည်။ ဆက်လက်ပြီး ဆောင်ရွက်ရမည့်အနေအထားများရှိသော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိပြီး စိတ်ဝင်စား၍ ပြန်လည်ဆက်သွယ်မှုများ ရှိနေကြောင်းသိရသည်။ ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေးဇုန်ထူထောင်ပြီး အရှေ့စီးပွားရေးစင်္ကြံကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟုခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာအောင် ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

အထူးစီးပွားရေးဇုန်များတွင် ရှိပြီးသားရင်းနှီးမြှုပ်နှံမှုများကို လျော့ကျမသွားအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပြီး တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ အသစ်ဝင်ရောက်လာအောင် နည်းလမ်းအမျိုးမျိုးဖြင့် ဆွဲဆောင်စည်းရုံးဆောင်ရွက် ကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်တွင်း MSME လုပ်ငန်းများလည်း အထူးစီးပွားရေးဇုန်များနှင့်ဆက်နွှယ်ကာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး အရည်အသွေးမြင့်မားသော ပြည်ပပို့ကုန်များကို တိုးတက်တင်ပို့၍ နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုန်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် လိုအပ်ချက်များရှိနေသဖြင့် အထူးစီးပွားရေးဇုန် လုပ်ငန်းများ အကောင်အထည်ပေါ်လာအောင် ပြုပြင်ပြောင်းလဲ၍ အကောင်းဆုံးဆောင်ရွက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

#PAN