နိုင်ငံပိုင်သတင်းစာများတွင်.ရေးသားဖော်ပြထားသည့် ဆောင်းပါးများ

ဇန်နဝါရီလ ၁၂

မြန်မာ့လူ့အဖွဲ့အစည်းဂုဏ်သိက္ခာမြင့်မားစေဖို့ နည်းပညာမြင့် စာပေသင်ကြစို့

၂၁ ရာစု ပညာရေးစနစ်တွင် ကျောင်းသားများကို ကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်၊ ပြောတတ်စေရန် သင်ကြားပေးနိုင်ရုံဖြင့် မလုံလောက်တော့ဘဲ ပြဿနာအခြေပြုသင်ကြားခြင်း၊ စီမံကိန်းအခြေပြု သင်ကြားခြင်းများအဖြစ် ပြောင်းလဲခဲ့ကြသည်။ နိုင်ငံအများအပြား၏ သင်ရိုးညွှန်းတမ်းများတွင် အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှု၊ မီဒီယာ၊ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာတတ်မြောက်မှု၊ လက်တွေ့ဘဝနှင့်ကိုက်ညီသည့် ဘာသာရပ်ဖြစ်မှုစသည့် အခြေခံအချက်များပါဝင်ရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ပညာရေးကိုလူတိုင်းလက်လှမ်းမမီနိုင်သေးခြင်းမှာ ကမ္ဘာကြီးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်။ နိုင်ငံအချို့တွင် အွန်လိုင်းပလက်ဖောင်းများ၊ တီဗွီ၊ ရေဒီယိုအစီအစဉ်များဖြင့် အဝေးသင်ပညာရေး ပလက်ဖောင်းများအသုံးပြု၍ သင်ယူမှုမပြတ်တောက်စေရန် လုပ်ဆောင်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နှင့် ကွာဟမှုရှိနေသည့် သုံးပုံတစ်ပုံကျော်သော ကျောင်းသားများအတွက်မူ အဆိုပါသင်ကြားမှုမျိုးကို လက်လှမ်းမမီဖြစ်နေရသည်။

ကမ္ဘာတစ်ဝန်း ပဋိပက္ခနယ်မြေရှိကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံး

ကုလသမဂ္ဂ၏အဆိုအရ ကမ္ဘာတစ်ဝန်းပဋိပက္ခ နယ်မြေရှိကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည်။ ကျောင်းပြင်ပရှိကလေးများသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အလွဲသုံးမှု၊ လူသစ်စုဆောင်းမှုတို့၏ ပစ်မှတ်များဖြစ်နေသည်။ ကမ္ဘာတစ်ဝန်းရှိကလေးများနှင့် ဆယ်ကျော်သက် ၂၄၄ သန်းသည် ကျောင်းဝင်ခွင့်သို့မဟုတ် ပညာသင်ယူမှုပြီးမြောက်ရန် အခွင့်အလမ်းမရှိဖြစ်နေပြီး အရွယ်ရောက်ပြီးသူ ၆၁၇ သန်းသည်လည်း စာမတတ်ကြသေးပေ။ အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့သော ဘာသာရေးအစွန်းရောက်နိုင်ငံများတွင် အမျိုးသမီးများ ပညာသင်ယူခွင့် ဆုံးရှုံးနေရဆဲဖြစ်သည်။ ပညာရေးစနစ်ဟူသည် နိုင်ငံတစ်နိုင်ငံအဆင့်အတန်း ဘယ်လောက်မြင့်သလဲဆိုသည့်အချက်ကို တိုင်းတာပေးနိုင်သည့်အရာဖြစ်လျှင် ပညာရေးစနစ်ကောင်းများကို ဖော်ထုတ်ပေးမည့်သူမှာ အစိုးရဖြစ်သည်ကို ထွေထွေထူးထူး ရှင်းပြနေစရာပင်လိုမည်မဟုတ်ပေ။ အစိုးရမှာသာမန်အစိုးရမဟုတ်၊ ပညာရေးကို အသား ပေး အလေးပေးခဲ့သည့် အစိုးရဖြစ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းကို ကြည့်မည်ဆိုလျှင် ကိုလိုနီနယ်ချဲ့ဗြိတိသျှတို့ အုပ်ချုပ်သောခေတ်တွင်ပင် ပညာရေးကိုအလေးထားခဲ့သောကြောင့် ရန်ကုန်တက္ကသိုလ်ကဲ့သို့ ဒေသတွင်းနိုင်ငံများအကြား များစွာထင်ရှားကျော်ကြားသည့် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်ခဲ့သည့်အပြင် ကိုလိုနီအုပ်ချုပ်ရေးစနစ်၏ ဗျူရိုကရေစီယန္တရားအလို့ငှာ မြန်မာပညာတတ်၊ ထူးချွန်ထက်မြက်သူ များစွာပေါ်ထွန်းစေနိုင်ခဲ့ပေသည်။

ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း လွတ်လပ်၍ခေတ်မီသော ပညာရေးမူဝါဒတို့ကြောင့် ထူးချွန်သော မြန်မာလူငယ်များစွာလေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတကာမှပညာတော်သင်ကျောင်းသားများ လာရောက်လေ့လာသင်ကြားရသည်အထိ အဆင့်အတန်း မြင့်မားခဲ့သည်။ လမ်းစဉ်ပါတီခေတ်တွင် နယ်ပယ်အသီးသီးရှိ ထိပ်ပိုင်းနေရာများ၌ ဦးစီးဦးဆောင် နိုင်ခဲ့ကြပေသည်။ တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တို့တွင်လည်း ယခင်စနစ်ဟောင်းမှ ကျန်ရှိနေသေးသော လူချွန်၊ လူတော်ကြီးများနှင့် ထိတွေ့ပညာသင်ခွင့်ရခဲ့သောကြောင့် အတိုင်းအတာတစ်ခုလောက်အထိ ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ဖြစ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအရ လူတိုင်းပညာသင်ကြားခွင့်ရှိပြီး ၁၉၈၉ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းက နိုင်ငံတိုင်း အဆင့်မြင့်ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်စေ ရမည်ဟုဆိုထားသည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၄)သည် အားလုံးပါဝင်နိုင်၍ သာတူညီမျှသော အရည်အသွေးရှိသည့် ပညာရေးကိုသေချာစေရန်နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် အားလုံးအတွက် တစ်သက်တာသင်ယူမှု အခွင့် အလမ်းများကိုမြှင့်တင်ရန် ရည်ရွယ်ထားသည်။ ပညာရေးသည် နိုင်ငံအားလုံး၏ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ဖြစ်သည်။ ပညာသင်ယူခွင့်ရှိခြင်းသည် ကုလသမဂ္ဂ၏အခြားသော ရည်မှန်းချက်များဖြစ်သည့် ဆင်းရဲမွဲတေမှုကို ပုံစံအမျိုးမျိုးဖြင့် အဆုံးသတ်ခြင်း၊ ငတ်မွတ်ခေါင်းပါး မှုကို တိုက်ဖျက်ခြင်း၊ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရရှိစေခြင်းတို့နှင့်လည်း ဆက်နွှယ်လျက်ရှိသည်။ ကလေးသူငယ်တို့၏ ပညာသင်ယူခွင့်ကို နည်းပေါင်းစုံဖြင့် လမ်းဖွင့်ပေးထားရန်နှင့် ပညာသင်ကြားခွင့်ကို အဟန့်အတား ဖြစ်စေမည့် လုပ်ဆောင်မှုမှန်သမျှကို အထူးရှောင်ကြဉ်ရန်လိုအပ်သည်။

စာတတ်မြောက်ခြင်းသည် ပညာရေး၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူသားတစ်ဦး၏ အခွင့်အရေးလည်းဖြစ်သည်။ လူတိုင်းစာတတ်မြောက်ခြင်းသည် လူသားဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားတစ်ခုဖြစ်၍ လူ့အဖွဲ့အစည်း၌ အရေးပါသောအခန်းကဏ္ဍတစ်ရပ်အဖြစ်ရှိနေသည်။ ကျောင်းပြင်ပ ရောက်ကလေးသူငယ်များပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ သင်ယူမှုဆုံးရှုံးရခြင်း၏ သက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားရန် လိုအပ်သည်။ စာမတတ်သူတစ်ဦးချင်းအတွက် သာမကနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အနုတ်လက္ခဏာဆောင်စေမည်ဖြစ်သည်။ ပညာလူ့အဖွဲ့အစည်း၏ ဆောင်ပုဒ်မှာ ပညာသည်သာအခရာ ဖြစ်သည်။ ဥစ္စာဓနကြွယ်ဝမှု၊ လက်ရုံးကြီးမှုများဖြင့် စိုးမိုးသည့်ခေတ်သည် အတိတ်တွင်ကျန်ခဲ့ပြီဖြစ်ကာ အသိပညာ၊ အတတ်ပညာ၊ ပြည့်ဝသူများသာ ဦးဆောင်သည့်ခေတ်သို့ ရောက်နေပြီဖြစ်ရာ အနာဂတ်လူငယ်များအနေဖြင့် နည်းပညာမြင့်စာပေ များ လေ့လာသင်ယူကြရန် တိုက်တွန်းရေးသားလိုက် ရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews