ဂေါ်ရန်ဂျီ ခရီးစဉ်ဒေသ မြှင့်တင်ရေးဆောင်ရွက်မည်”

ဇန်နဝါရီလ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်မှာရှိတဲ့ ဂေါ်ရန်ဂျီဒေသကို ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသွားတွေပါ ပိုမိုသိရှိလာစေဖို့ ခရီးစဉ်ဒေသ မြှင့်တင်ရေးအစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေ စနစ်တကျဖွံ့ဖြိုးတိုးတက်ပြီး အလားအလာရှိတဲ့ ခရီးစဉ်ဒေသသစ်တွေ ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်စေဖို့၊ လုံခြုံစိတ်ချစွာ သွားလာ လည်ပတ်နိုင်ဖို့နဲ့ ဝန်ဆောင်မှုကောင်းတွေပေးနိုင်ဖို့ ဆောင်ရွက်ကြဖို့လိုတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ပြောပါတယ်။
ဂေါ်ရန်ဂျီကျွန်းက ဟိုတယ်တွေကို ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်သွားဖို့နဲ့ အမှတ်တရပစ္စည်းတွေ ရောင်းချရာမှာ ဒေသထုတ်ကုန်တွေ ပိုမိုထည့်သွင်းရောင်းချနိုင်ဖို့ စီမံဆောင်ရွက်သွားကြရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂေါ်ရန်ဂျီကျွန်းရဲ့ ကမ်းခြေဒေသတွေရဲ့ အလှအပတွေနဲ့ ထူးခြားတဲ့ဆွဲဆောင်မှုတွေကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ဒီဂျစ်တယ်နည်းပညာအသုံးပြုပြီး လူမှုကွန်ရက်မီဒီယာတွေကတစ်ဆင့် မြှင့်တင် ကြော်ငြာဖို့လိုသလို ခရီးသွားလုပ်ငန်းကြောင့် သဘာဝအလှအပတွေ ပျက်စီးမှုမရှိစေဖို့ စနစ်တကျထိန်းသိမ်းကာကွယ် သွားကြဖို့လည်း လိုတယ်လို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ပြောကြားခဲ့ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews