မြင်းခြံမြို့နယ်၊ ပင်လယ်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦး ဒလန်ဟု စွပ်စွဲပြီး သေနတ်ပစ်ခံရ

ဇန်နဝါရီလ ၁၀

ယနေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံ-နဘူးအိုင်သွားကားလမ်း၊ ပင်လယ်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဆီမီးခုံ-နဘူးအိုင်သွား ကားလမ်းမပေါ်၊ပင်လယ်ကျေးရွာနှင့် ကန်နီကျေးရွာကြားတွင် ပြည့်သိန်းဦး(ခ)ကိုမဲ၊ ၅၀နှစ်၊ (ဘ)ဦးတင်မောင်၊ တောင်သူ လုပ်ငန်းလုပ်ကိုင်သူ၊ ဥဒယကျေးရွာ၊ မြင်းခြံမြို့နယ်နေသူအား ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ နားရွက် ၂ ဖက် ပြတ်ထွက်ဒဏ်ရာ၊ ဆီးခုံအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဥ်အား စီစစ်ခဲ့ရာ သေဆုံးသူသည် နံနက် ၁၀ နာရီအချိန်ခန့်တွင် စျေးဝယ်ရန်အတွက် ဥဒယကျေးရွာနေအိမ်မှ နဘူးအိုင် ကျေးရွာသို့ ရွာမှစျေးဝယ်သည့်ကားဖြင့် လိုက်လာစဥ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက် သမား ၃ ဦး၊ ဆိုင်ကယ် ၁ စီးဖြင့် လိုက်လာကာ ကားအားတားပြီး ကားပေါ်မှဆွဲချကာ ဒလန်ဟု စွပ်စွဲပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

သေဆုံးသူသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သွားလာပတ်သက်သူဖြစ်၍ အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရှိရပါသည်။

PAN