ကချင်ပြည်နယ်တွင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် စုစည်းညီညွတ်သော စွမ်းအားဖြင့် လက်တွဲဖော်ဆောင်ကြရမည့် အချိန်အခါဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်နေ့ကို သဝဏ်လွှာပို့

ဇန်နဝါရီ ၉

သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသည့် ကချင်ပြည်နယ်တွင် ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် စုစည်းညီညွတ်သောစွမ်းအားဖြင့် လက်တွဲဖော်ဆောင်ကြရမည့် အချိန်အခါဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက ကချင်ပြည်နယ်နေ့ကို ပေးပို့သည့် သဝဏ်လွှာတွင် ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည် ချက်(၉)ရပ် တို့ကိုချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းလည်းပါရှိသည်။

ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက်ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးကလည်းဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့မှသည် ကချင်တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သွေးစည်းညီညွတ်စွာ အတူတကွ ပူးပေါင်းလက်တွဲသွားကြရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း၍ ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်နိုင်ကြောင်း ဆုတောင်းသည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီကပြောကြားထားသည်။

PAN