ကျောက်ဖြူက ရေတပ်စခန်းတစ်ခုကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားခဲ့

ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ရေတပ်စခန်း တစ်ခုကိုကို AA အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်က ဓညဝတီရေတပ်စခန်းကို AA အဖွဲ့က ရှော့တိုက်ဒုံးနဲ့ စတင်ပစ်ခတ်ခဲ့တာကနေ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

“AA က ရှောတိုက်ဒုံးနဲ့ စပစ်တယ်လို သိရတာပါ။ ရေတပ်စခန်းထဲ ပြန်ပစ်တာတော့ မကြားမိဘူး။ ဒါပေမယ့် မြစ်ထဲမှာ ရှိနေတဲ့ နေဗီသင်္ဘောတွေက ပြန်ပစ်ခဲ့တာတော့ ရှိပါတယ်။ အဲဒီမှာ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပါ”လို့ ကျောက်ဖြူဒေသခံတစ်ဦးက PAN ကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး AA အဖွဲ့က ဆုတ်ခွာထွက်ပြေးသွားတာကြောင့် တိုက်ပွဲက ခဏတာဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့် နောက်ဆက်တွဲ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်က တပ်မတော်ရေယာဉ်တစ်စီးကို ဓညဝတီ ရေတပ်စခန်းအနီးမှာ AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။

PAN