“၂၀၂၃ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်ကို ပြည်ပဘုရားဖူး ၈ သောင်းကျော်ဝင်ရောက်ခဲ့”

ဇန်နဝါရီလ ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံခြားသားဘုရားဖူးဧည့်သည် ၈ သောင်းကျော် လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ နိုင်ငံခြားသားဘုရားဖူးဝင်ရောက်မှုအနေနဲ့ မတ်လမှာ အများဆုံးဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလမှာ ဒုတိယအများဆုံးနဲ့ ဒီဇင်ဘာလက တတိယအများဆုံး ဝင်ရောက်ခဲ့တာပါ။ နိုင်ငံခြားသား ဘုရားဖူး ဝင်ရောက်မှုအနေနဲ့ ဇန်နဝါရီလမှာ ၅,၃၀၉ ဦး၊ ဖေဖော်ဝါရီလမှာ ၆,၁၆၂ ဦး၊ မတ်လမှာ ၉,၄၁၄ ဦး၊ ဧပြီလမှာ ၅,၃၉၅ ဦး၊ မေလမှာ ၆,၃၁၅ ဦး၊ ဇွန်လမှာ ၅,၈၅၀ ဦး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင်လမှာ ၆,၆၈၁ ဦး၊ ဩဂုတ်လမှာ ၆,၄၄၂ ဦး၊ စက်တင်ဘာလမှာ ၆,၁၁၅ ဦး၊ အောက်တိုဘာလမှာ ၇,၀၈၀ ဦး၊ နိုဝင်ဘာလမှာ ၈,၂၁၈ ဦးနဲ့ ဒီဇင်ဘာလမှာ ၇,၃၉၉ ဦး စုစုပေါင်း ၈၀,၃၈၀ ဦး ဝင်ရောက် ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်၊၊
ပြည်ပ ဘုရားဖူးဧည့်သည် လာရောက်တဲ့နိုင်ငံတွေထဲမှာ ထိုင်း၊ တရုတ်၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကအများ ဆုံးဖြစ်ပြီး တခြားဥရောပနိုင်ငံတွေကနေလည်း လာရောက်ဖူးမြော်ခဲ့ကြတယ်လို့ ဆိုပါတယ်၊၊
အလားတူ အရင်နှစ် ပြည်တွင်းဘုရားဖူးဝင်ရောက်မှုအနေနဲ့ကလည်း သံဃာတော် တစ်သိန်းခွဲကျော်၊ သာသနာနွယ်ဝင်သီလရှင် ၇ သောင်း၊ အမျိုးသား ၄၇ သိန်းကျော်နဲ့ အမျိုးသမီး ၅၅ သိန်းကျော်ရှိတယ်လို့လည်း သိရပါတယ်၊၊
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလတွေမှာ စေတီတော်မြတ်ကြီးကို ဖူးမြော်ခွင့်အား ခေတ္တပိတ်ထားခဲ့ရာ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူတွေအဆင်ပြေစေဖို့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်မှာ မနက် ၆ နာရီကနေ ည ၆ နာရီ အထိ ဘုရားဖူးချိန်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄  ခုနှစ်မှာတော့ ဇန်နဝါရီလ ၁ ရက်ကစတင်ပြီး မနက် ၅ နာရီကနေ ည ၉ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်၊၊

#PAN

Telegram link

https://t.me/positiveanglenews