“ဂျပန်နိုင်ငံတွင် ငလျင်များလှုပ်ခတ်မှုကြောင့် လူ ၉၂ ဦးသေဆုံး၊ အခြားသူ ၂၄၂ ဦး ပျောက်ဆုံးနေ”

ဇန်နဝါရီ ၆

ဂျပန်နိုင်ငံ အလယ်ပိုင်း အီရှီကာဝါစီရင်စုနှင့် အနီးဝန်းကျင်တွင် အင်အား ၇.၆ အဆင့်အထိရှိသော ငလျင်များ လှုပ်ခတ်ပြီး နောက် လေးရက်အကြာ ယင်းစီရင်စု၌ သေဆုံးသူ ၉၂ ဦးအထိမြင့်တက်လာကာ လူ ၂၀၀ ကျော် ပျောက်ဆုံးနေကြောင်း၊ ပျက်စီးမှုများမှာ စိုးရမ်ဖွယ် မြင့်တက်လာသလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု များလည်း အပြင်းအထန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ အီရှီကာဝါစီရင်စုတွင် ပျောက်ဆုံးသူ အရေအတွက် စုစုပေါင်း ၂၄၂ ဦးရှိကြောင်း ပြည်နယ်ဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အား ကိုး ကား၍ နိုင်ငံပိုင် Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်မှုဒဏ် အဆိုးဝါးဆုံး ခံစားခဲ့ရသည့် ဝါဂျီမာကမ်းရိုး တန်းမြို့တွင် အပျက်အစီးများကြား ပိမိကာ ပိတ်မိနေသူ ၄၀ ကျော်ရှိနေဆဲဖြစ်သည်။ ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေး တပ်က တပ်ဖွဲ့ဝင် ၄,၆၀၀ ခန့်အထိ တိုးချဲ့၍ ရဲတပ်ဖွဲ့၊ မီးသတ်ဌာနများနှင့် ပူးပေါင်းလျက် ပျောက်ဆုံးနေသူ များအားရှာဖွေ ခြင်းနှင့် ဘေးကင်းကြောင်း အတည်ပြုခြင်းများ မြန်ဆန်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုများအတွင်း ဝါဂျီမာမြို့လယ်တွင် မီးလောင်မှုကြီးလည်း ဖြစ်ပွားခဲ့ရာ ဘောလုံးကွင်း လေးကွင်းခွဲခန့် အရွယ်အစားနှင့် ညီမျှသော စတုရန်းမီတာ ၄၈,၀၀၀ ခန့် ကျယ်ဝန်းသည့်ဧရိယာ ပျက်စီးခဲ့ကြောင်း Geospatial Information Authority of Japan မှ နောက်ဆုံးခန့်မှန်းတွက်ချက်မှုအား ကိုးကားလျက် Kyodo သတင်းဌာနက ဖော်ပြ ထားသည်။ မြေပြိုကျမှုများကြောင့် လမ်းများပိတ်ထားရသဖြင့် နေရာ ၁၀ ခုကျော်တွင် မရှိမဖြစ်အသုံးအဆောင် ပစ္စည်း များ ပို့ဆောင်ရန် စိန်ခေါ်မှုရှိနေဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အီရှီကာဝါစီရင်စုတစ်ခွင်ရှိ သီးသန့် ရပ်ကွက်များတွင် လူပေါင်း ၇၀၀ ကျော် သောင်တင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီရှီကာဝါစီရင်စုရှိ ငလျင်ရှောင်စခန်း ၃၇၀ ခန့်တွင် လူပေါင်း ၃၃,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း၊ သန့်စင်ခန်းများ ရရှိမှု အပါအဝင် မိလ္လာစနစ်နှင့် ဆက်စပ်သော ကိစ္စများမှာလည်း စိုးရိမ်ဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံမီဒီယာသတင်း များ၌ ဖော်ပြထားသည်။ ဇန်နဝါရီ ၁ ရက်က အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်ပေါ်တွင် အနက်တိမ်သောနေရာ၌ အင်အား ၇.၆ အဆင့်ရှိသော ငလျင်အပါအဝင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကို ၂၀၂၄ ခုနှစ် နိုတိုကျွန်း ဆွယ်ငလျင်ဟု ဂျပန်မိုးလေဝသအေဂျင်စီက တရားဝင်အမည်ပေးခဲ့ကြောင်း သိရသည်။ ဝါဂျီမာမြို့ အရှေ့-အရှေ့မြောက် ဘက် ၃၀ ကီလိုမီတာခန့်အကွာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်သည် အင်အားအဆင့် ၇ ကျော်ရှိရာ ထိုပမာဏမှာ လူများအနေဖြင့် မတ်တတ်ရပ်ရန်ပင်မဖြစ်နိုင်ကြောင်း သိရသည်။

#PAN