ပရီးမီးယာလိဒ် အားကစား သတင်းများ

ဒီဇင်ဘာ ၂၉

• အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်း

      ပရီးမီးယားလိဂ် ကြားရက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
      လက်ရှိရာသီမှာ အာဆင်နယ်အသင်းဟာ ရလဒ်တွေကောင်းနေပြီး အဆင့် (၁) နေရာအတွက် အမှတ်ကွာဟမှု သိပ်မရှိတာကြောင့် ရမှတ်တွေလိုအပ်နေတာဖြစ်ကာ ဝက်စ်ဟမ်းအသင်းကလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်တဲ့ အသင်းတစ်သင်း ဖြစ်သလို ဥရောပဝင်ခွင့်နေရာအတွက် အမှတ်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။
      အခုပွဲစဉ်မှာ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို အကောင်းဆုံးဖိအားပေးကစားထားနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက နှစ်ဂိုးပြတ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ အဆင့် (၁) နေရာမှ လီဗာပူးလ်အသင်းနဲ့ နှစ်မှတ်ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

• ဒဏ်ရာထပ်မံရရှိခဲ့တဲ့ မန်စီးတီးအသင်း နောက်ခံကစားသမား ဂျွန်စတုန်း

      မန်စီးတီးနောက်ခံကစားသမား ဂျွန်စတုန်း ဟာ ပြီးခဲ့တဲ့ပွဲမှာ ဂျွန်စတုန်း ဟာ အဲဗာတန်အသင်းကစား သမား ဘီတို ကို တားဆီးဖို့ကြိုးစားရင်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာ က ဂျွန်စတုန်းရဲ့ ဒဏ်ရာဟာ မူလထင်ထားတာထက် အခြေအနေပိုဆိုးနိုင်ပြီး စစ်ဆေးရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။
      ဂျွန်စတုန်း ဒဏ်ရာရတဲ့ အခြေအနေအတွက် ဂွါဒီယိုလာ ပေါက်ကွဲနေခဲ့ပါတယ်။ အဲဗာတန်အသင်းက ဘီတို ဟာ ဂျွန်စတုန်းနဲ့ ထိပ်တိုက်မတွေ့ခင်မှာ လူကျွံနေခဲ့ပေမယ့် စည်းကြပ်ဒိုင် အလံမထောင်လို့ ဂွါဒီယိုလာ ပေါက်ကွဲနေတာဖြစ်ပြီး အဲဗာတန်နည်းပြ ရှောင်ဒိုက်ကလည်း ပယ်နယ်တီပေးရလို့ မကျေမနပ်ဖြစ်နေခဲ့ကာ ဒိုင်တွေကို ဝေဖန်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို နောက်ကလိုက်ကစားပြီး သုံးဂိုးတစ်ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲရခဲ့ပါတယ်။

• အောင်မြင်မှုအတွက် အချိန်ပေးရမယ်လို့ ဆိုတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်

      မန်ယူအသင်း ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁ ဒသမ ၀၃ ဘီလီယံနဲ့ ဝယ်ယူထားတဲ့ ဗြိတိန်အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင်မ်ရက်ကလစ်ဖ် က အောင်မြင်မှုအတွက် စိတ်ရှည်သည်းခံပြီး အချိန်ပေးရမယ်လို့ သတိပေးလိုက်ပါ တယ်။
မန်ယူအသင်းက လက်ရှိအချိန်မှာ ထိပ်တန်းအဆင့်ကနေ လျော့ကျနေပြီး ဆုဖလားအောင်မြင်မှု ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ်က  မန်ယူအသင်း အောင်မြင်မှုတွေ ပြန်ရမယ်လို့ ယုံကြည်နေပြီး အသင်းရဲ့စီးပွားရေးအခြေအနေကလည်း တိုးတက်နေပြီးအမြင့်ဆုံးစီမံခန့်ခွဲမှုရရှိအောင် အချိန်ပေးရမယ်လို့ ဆိုပါတယ်။
      ဒါ့အပြင် ဘောလုံးလောကမှာ အာမခံချက်ဆိုတာ မရှိပါဘဲ အပြောင်းအလဲ တစ်ခုအတွက် အချိန်ပေးရမှာဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောက ဥရောပဘောလုံးလောကနဲ့ ကမ္ဘာ့ဘောလုံးလောကမှာ မန်ယူအသင်းပြန်ပြီး လွှမ်းမိုးနိုင်အောင် အတူ တကွဆောင်ရွက်သွားပါမယ် လို့ ပြောကြားခဲ့ပါတယ်။

• ထိုက်တန်တဲ့ ချီးကျူးမှုမရဘူးလို့ ဖွင့်ဟခဲ့တဲ့ ဖိုဒန်

      မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန် က မိမိတို့အသင်းအနေနဲ့ ထိုက်တန်တဲ့ချီးကျူးမှုကို မခံရကြောင်း ပြောကြားခဲ့ပါတယ်။
      မန်စီးတီးအသင်းက ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား စတဲ့ ဖလား ၅ လုံး ရရှိခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် မှာ ရုန်းကန်နေရတဲ့အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေတဲ့ အပေါ်အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#PAN