အိမ်ခြံမြေ ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်စာတမ်း မှတ်ပုံတင်ခွင့်ကို အခွန်ဆောင်ပြီးမှသာ ပြုလုပ်ပေးတော့မည်

ဒီဇင်ဘာ ၂၈

     အိမ်ခြံမြေလွှဲပြောင်း၊ ရောင်းချခြင်းများအတွက် ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်စာတမ်း မှတ် ပုံတင်ခွင့်ကို အခွန်ပြည့်စုံစွာဆောင်ပြီးမှသာ ပြုလုပ်ပေးတော့မည် ဖြစ်သည်ဟု မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက အသိပေး ထားပါ သည်။

      လယ်ယာမြေ၊ အိမ်ခြံမြေ အပါအဝင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများရောင်းချမှုအပြီး ကိုယ်စား လှယ် လွှဲစာများ(SP၊GP)ကို မှတ်ပုံတင်ပေးရန် လျှောက်ထားလာပါက မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို ဦးစွာ ဆောင်ရွက်ပေးတော့မှာ မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအပါအဝင် သက်ဆိုင်ရာ အခွန်ဥပဒေများနှင့်အညီ ကျသင့်သည့် အခွန်များပြည့်စုံစွာ ထမ်းဆောင်ပြီးဖြစ်သည့် ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်သည့်အချိန်မှသာ အထွေထွေကိုယ်စား လှယ်လွှဲစာများ (Special Power၊ General Power)ကို မှတ်ပုံတင် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု သိရပါသည်။

      ယခင်က မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ပြု လုပ်သည့်အခါ အထွေထွေကိုယ်စားလှယ်လွှဲစာများ (SP ၊ GP) ကို အရပ်စာချုပ်ချုပ်ဆိုပြီး လွှဲပြောင်းကာ ၄ လအတွင်း နာမည်ပြောင်းချိန်တွင် ပုံစံ ၁၀၅ ကူးခြင်း၊ အခွန်ဆောင်ခြင်း များ ဆောင်ရွက်ရပြီး ၄ လကျော်ပါကလည်း ဒဏ်ကြေးပေးဆောင်ပြီး မှတ်ပုံတင်ခြင်း ဆောင်ရွက်ခွင့်များရှိခဲ့ကြောင်း သိရပါသည်။

      လက်ရှိကာလမှာ အိမ်ခြံမြေပိုင်ဆိုင်မှု လွှဲပြောင်း စာချုပ်စာတမ်း မှတ်ပုံတင်ပါက ရောင်းသူဘက်ကရော ဝယ်သူဘက်ကပါ ရာခိုင်နှုန်းအလိုက်အခွန်ဆောင်ကြရတော့မှာဖြစ်ပြီး အခွန်ဆောင်မှုပြည့်စုံပါက အိမ်ပိုင်ဆိုင်ခွင့် ခိုင်မာရန်အတွက် စာချုပ်စာတမ်းများ ဆောင်ရွက်ပေးမည် သိရပါသည်။

      ယခုကဲ့သို့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်သည် ကိုယ်စားလှယ်လွှဲစာများကို အခွန်ပေးဆောင်ပြီးမှ မှတ်ပုံတင်ပေးခြင်းက ရောင်းမှား၊ ဝယ်မှား ဖြစ်ပေါ်ခြင်းကို ကြိုတင်တားဆီးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြို့တော်စာချုပ်၊စာတမ်း မှတ်ပုံတင်ရုံးက အသိပေးထားပါသည်။

#PAN