ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်သူ နွားထိုးကြီးမြို့နယ်၊ ထန်းတောကျေးရွာနေ ဦးအေးမြင့်ကြိုင်အား အမည်မသိ လူ ၁၂ ဦးက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်


ဒီဇင်ဘာ ၂၈

ယနေ့ ၁၀ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ တက်စည်ကျေးရွာ အနီးတွင် ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်သူ ဦးအေးမြင့်ကြိုင်၊ ၄၁ နှစ်၊(ဘ)ဦးတိုး၊ ထန်းတောကျေးရွာနေသူအား လက်နောက်ပြန်ကြိုးတုပ်လျက် လည်ပင်းလှီးဖြတ်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၃ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။  

အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံ-ရေဝန်းသွားကားလမ်း၊ တံတားမိုင်တိုင်အမှတ် ၂/၃၁ တောင်ဘက် ပေ ၂၀၀ ခန့်အကွာ၊ ပြင်စည်-တက်စည် ဆည်ဘောင်လမ်းဘေး၊ ပြင်စည်ကျေးရွာနေ ဦးညွန့်မော်၏ လယ်ကွင်းအစပ် ခြုံပုတ်ဘေး၌ လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။


ဖြစ်စဥ်တွင် သေဆုံးသူသည် ၂၆-၁၂-၂၀၂၃ ရက်နေ့ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ထန်းတောကျေးရွာ မြောက်ဘက်အစွန်ရှိ နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးသန်းနှင့် အတူရှိနေစဥ် အမည်မသိ လူ ၁၂ ဦးခန့်သည် ဆိုင်ကယ် ၆ စီးဖြင့် သေနတ်ကိုယ်စီ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး သေဆုံးသူအား လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း၊ ၎င်း ဖြစ်စဉ်အား သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားထားခြင်း မရှိခဲ့ကြောင်း သေဆုံးသူ၏ ဇနီး ဒေါ်ခင်မျိုးသန်းက ပြောကြားကြောင်း သတင်းရရှိပါသည်။

#PAN