အင်းစိန်ဗဟိုအကျဉ်းထောင် လမ်းတစ်ဘက်ခြမ်းတွင် ရပ်ထားသော မော်တော်ယာဥ် တစ်စီးမှ ပေါက်ကွဲမှုဖြစ်ပွား အနီးလမ်းလျှောက်သွားသူ အမျိုးသမီး နှစ်ဦး အစထိမှန်ဒဏ်ရာရ

ဒီဇင်ဘာ ၂၇

      ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဗဟိုအကျဉ်း ထောင် လမ်းတစ်ဘက်ခြမ်းတွင် ယနေ့ မွန်းလွဲပိုင်းက မော်တော်ယာဥ် တစ်စီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ မောတော်ယာဥ်အနီး လမ်းလျှောက်သွားသော အမျိုးသမီး နှစ်ဦး အစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။

     အင်းစိန်ဗဟိုအကျဉ်းထောင် ဝင်/ထွက်ပေါက် လမ်းတစ်ဘက်ခြမ်း၊ ကံ့ကော်မိတ္တူဆိုင်ရှေ့၊ လှိုင်မြစ်လမ်းဘေးတွင် ရပ်ထားသည့် ဦးစစ်နိုင်အောင်၊ ၅၈ နှစ်၊ (ဘ)ဦးစစ်ချိန်၊ ကုန်သည်၊အမှတ် – ၁၊ မင်္ဂလာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်​နေသူ ပိုင်ဆိုင်သည့် ယာဉ်အမှတ် YGN-8 …… Toyota Crown အညိုရောင်ယာဉ် ၏ နောက်(အောက်ဘက်)မှ ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

      ထိုသို့ ပေါက်ကွဲမှုကြောင့်  Toyota Crown ၏ နောက်ဘန်ကာ ပြုတ်ထွက်ခဲ့ပြီး ယာဥ်အနီး လမ်း လျှောက်သွားလာသည့် မပြည့်ပြည့် ဖြိုး၊ ၂၁ နှစ်၊ (ဘ)ဦးလှကျော်၊ အမှတ်-၁၄၀၇၊ အင်းဝလမ်း၊ လှိုင်သာယာမြို့နယ်နေသူတွင် ဝဲပေါင်နှင့် ဝဲခြေဖဝါး တို့တွင် အစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မဝါဝါနွယ်၊ ၃၉ နှစ်၊ (ဘ)ဦးကျော်ကြီး (လိပ်စာတူ)တွင် ဝဲလက်၊ ဝဲခြေထောက်တို့တွင် အစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ဒဏ် ရာရရှိသူ မပြည့်ပြည့်ဖြိုး တို့ နှစ်ဦးအား အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရပါသည်။

        ပေါက်ကွဲမှုဖြစ်ပွားသည့် မောတော်ယာဥ်ပိုင်ရှင် ဦးစစ်နိုင်အောင် သည် ၎င်းပိုင်ယာဉ်အား ကံ့ကော်မိတ္တူဆိုင်ရှေ့၊ လှိုင်မြစ်လမ်းဘေးတွင် ရပ်ထားခဲ့ပြီး သူငယ်ချင်းဖြစ်သူ (စိစစ်ဆဲ)နှင့် တွေ့ဆုံနေစဉ် မိနစ် (၂၀)ခန့်အကြာ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

     ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား နယ်မြေလုံခြုံ ရေးအဖွဲ့မှ တာဝန်ရှိသူများက ရှင်းလင်းခဲ့ပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN