အစ္စရေးတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဓားစာခံ ငါးဦး သေဆုံးခဲ့ဟု ဟားမတ်စ်အဖွဲ့ ပြောကြား

ဒီဇင်ဘာ ၂၅

      အစ္စရေးတပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဓားစာခံ ငါးဦး ယနေ့ သေဆုံးခဲ့ကြောင်း
ဟားမတ်စ်အဖွဲ့က ပြောကြားသည်။ အစ္စရေး၏ လေ ကြောင်း တိုက်ခိုက်မှုကြောင့် ဟားမတ်စ်၏ လက်နက် ကိုင်အဖွဲ့ ဖြစ်သည့် အယ်လ်ကဆမ်တပ်ဖွဲ့ဝင်များက ဓားစာခံငါးဦးနှင့် ၎င်းတပ်ဖွဲ့ဝင်များအကြား အဆက် အသွယ်ပြတ်တောက်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

       အဆိုပါသေဆုံးသူ ဓားစာခံ ငါးဦးတွင် အစ္စ ရေးတပ်ဖွဲ့က ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် အသက် ၇၉ နှစ်မှ ၈၄ နှစ်ကြား အမျိုး သား သုံးဦး ပါဝင်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောသည်။ လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၌ လူပေါင်း ၁၃၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ခန့် မှန်းရသည်။ အစ္စရေး၏ စစ်ဆင်ရေးသည် ယခုအချိန်အထိ ဓားစာခံတစ်ဦးတည်းကိုသာ အောင် မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။

       လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ထိုးစစ်ဆင်နွှဲမှုကြောင့် လူပေါင်း ၂၀၁ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိကျန်းမာရေး အာ ဏာပိုင်များက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြား သည်။ အောက်တိုဘာ ၇ ရက်မှစတင်ပြီး လက်ရှိအချိန်အထိ သေဆုံးသူပေါင်း ၂၀၂၅၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

       အပျက်အစီးများအောက်တွင် နစ်မြုပ်နေသည့် ရုပ်အလောင်းများ သို့မဟုတ် လမ်းများပေါ်တွင် ကျန်ရှိနေသော ရုပ်အလောင်းများကို ရှာဖွေကယ်ဆယ်ရေးသမားများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

       ဟားမတ်စ်ခေါင်းဆောင်များ ပုန်းအောင်းနေသည်ဟု ယူဆရသည့် ဂါဇာတောင်ပိုင်းကို စစ်ဆင်ရေးများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဂါဇာမြောက်ပိုင်းကို မကြာမီအချိန်အတွင်းအပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်းအစ္စရေးတပ်ဖွဲ့က ဆိုသည်။

       အစ္စရေး တပ်ဖွဲ့ဝင်များသည် လက်နက်ရောင်းဝယ်မှု၊ ထုတ်လုပ်မှုနှင့် ဝယ်ယူရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည့်  ဟားမတ်စ်အကြီးတန်း အရာရှိတစ်ဦးကို ဒီဇင်ဘာ ၂၃ ရက်တွင် သုတ်သင်ဖယ်ရှားခဲ့သည်ဟု အစ္စရေးတပ်ဖွဲ့ဝင်များက အခိုင်အမာ ပြောကြားသည်။