ဘူဂေးရီးယားပိုင် MV Ruen သင်္ဘောကို ပင် လယ်ဓားပြများ ပြန်ပေးဆွဲခြင်း ခံထားရ၊ ၎င်းသင်္ဘောပေါ်၌ လုပ်ကိုင်နေသော မြန်မာသင်္ဘော သားများ၏ မိသားစုများကို ဆက်သွယ်လာခြင်း မရှိသေးဟု MSF ပြော

ဒီဇင်ဘာ ၂၅

      မြန်မာ သင်္ဘောသားများ ပါဝင်သည့် ဘူဂေးရီးယားပိုင် MV Ruen သင်္ဘောကို ပင်လယ်ဓားပြများက ပြန်ပေးဆွဲခြင်း ထားပြီး  ၎င်း သင်္ဘောပေါ်တွင် လုပ် ကိုင်နေသော  မြန်မာသင်္ဘောသားများနှင့်ပတ်သက်ပြီး ၎င်းတို့၏ မိသားစုများကို ဆက်သွယ်လာခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF)  မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

       NAVIBULGAR  ကုမ္ပဏီပိုင် သင်္ဘောသည်  တောင်ကိုရီးယားနိုင်ငံမှ  ထွက်လာခဲ့ပြီး  စင်ကာပူတွင်  တစ်ထောက်နားခဲ့ကာ တူရကီနိုင်ငံတွင်နောက်ဆုံး ဆိုက် ကပ်ရန်  ဖြစ်သော်လည်း လမ်း တွင်အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ နောက်ဆုံးတွင် ပင်လယ် ဓားပြများ၏ ပြန်ပေးဆွဲခံထားရခြင်းဖြစ်ကြောင်း၊  သင်္ဘောအမှုထမ်း ၁၈ ဦး ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသား နှင့် ဘူဂေးရီးယားနိုင်ငံသားများ ဖြစ်ကြောင်း ကနဦးသိရသည်။

       “အခုချိန်ထိ ကာယကံရှင်တွေရဲ့ မိသားစုတွေ ကိုယ်တိုင်က လာအကြောင်းကြားတာ မရှိသေးဘူး။ သိသလောက်တော့ ပင်လယ် ဓားပြတိုက်ခံရတာ ဟုတ်တယ်။ မြန်မာတွေပါတယ်ဆိုတာလည်း ဟုတ်တယ်။ သို့သော် သတင်းပို့ လာတာတွေ မရှိသေးဘူး။ မိသားစုတွေ မလာသေးတော့ ဘာဖြစ်နေတယ်ဆိုတာ ပြောလို့မရသေးဘူး” ဟု MSF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

        အဆိုပါ သင်္ဘောနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်တွင် အိန္ဒိယရေတပ်မှ စစ်သင်္ဘော INS Kochi က ကြားဖြတ်ဟန့်တားပြီး ရဟတ်ယာဉ် စေလွှတ်အကဲ ခတ်ရာ သင်္ဘောသားများ အားလုံးကို ပင်လယ်ဓားပြများက ဓားစာခံ အဖြစ် ဖမ်း ထားကြောင်း သိရခြင်းဖြစ်ကာ မပြတ်တမ်းစောင့်ကြည့်မှုများနှင့် ညှိနှိုင်းမှုများလုပ်ခဲ့ကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားသည်။

      ထို့နောက် ဒီဇင်ဘာ ၁၇ ရက် တွင် ဆိုမာလီယာ ရေပိုင်နက် အတွင်းသို့ သင်္ဘော ရောက်သွားခဲ့ကာ အဆိုပါ သင်္ဘောပေါ်မှာ ဒဏ်ရာရ သင်္ဘောအမှုထမ်းတစ်ဦးကိုလည်း ပင်လယ်ဓားပြများနှင့်် သဘောတူညီချက်ရယူကာ ဆေးကုသရေး ပြန်လည်လွှဲပြောင်း ရယူနိုင်ခဲ့သော်လည်း အခြားသင်္ဘောသားများမှာ ဓားစာခံအဖြစ် ရှိနေဆဲဖြစ်ကြောင်းလည်း အိန္ဒိယရေတပ် ထုတ်ပြန်ချက်အရ သိရသည်။

#PAN