နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူ တရုတ်နိုင်ငံသားများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက် လွှဲပြောင်းပေးအပ်

ဒီဇင်ဘာ ၂၄

      နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ အပါ အဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့် အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲ ပြောင်းပေးအပ်လျက်ရှိပါသည်။

       ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၂၉ ဦး ၊အမျိုးသမီး ၃၉ ဦး၊ စုစုပေါင်း၂၆၈ ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ် မံလွှဲပြောင်း ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုး သမီး ၁၄၀၂ ဦး၊ စုစုပေါင်း ၁၂၃၁၆ ဦး ဖော်ထုတ်ရရှိခဲ့၍ ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင် ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူ များထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့ပါသည်။

      နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ် များကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN