ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နိုင်ငံတကာသို့ ဖြန့်ဖြူးပေးသည့် COVAX အစီအစဉ်ကို ဒီဇင်ဘာ ၃၁ ရက်တွင် အဆုံးသတ်မည်

ဒီဇင်ဘာ ၂၄

      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နိုင်ငံတ ကာသို့ မျှတစွာ ဖြန့်ဖြူးပေးနိုင်ရန် ရေးဆွဲထားသော COVAX Facility အစီအစဉ်မူဘောင်ကို ဒီဇင်ဘာ ၃၁ ရက်တွင် အဆုံးသတ်မည်ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ပြောကြားသည်။

      ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများက COVAX အစီ အစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။

      ယင်းမူဘောင်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများမှ ပံ့ပိုးပေးသော ရန်ပုံငွေများကို အသုံး ပြု၍ ဝင်ငွေနည်းသော နိုင်ငံများရှိ ပြည်သူများသို့ အခမဲ့ကာကွယ်ဆေးထိုးနှံပေးရန်ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။

      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ဘီလီယံနီးပါးနှင့် ဘေးကင်းသော ဆေးထိုးကိရိယာများကို နိုင်ငံပေါင်း ၁၄၆ နိုင်ငံသို့ ထောက်ပံ့ပေးခဲ့ကြောင်း ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

      COVAX အစီအစဉ်၏ ထောက်ပံ့ပေးမှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ ပြည်သူ ၂ ဒသမ ၇ သန်း သေဆုံးမှုကို တားဆီးဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

      သို့သော် ကနဦးတွင် ရန်ပုံငွေပြတ်လပ်မှု၊ တင်ပို့မှုတားမြစ်ချက်နှင့် အခြားသော အခက်အခဲများကြောင့် ကမ္ဘာတစ်ဝန်း၌ ကာကွယ်ဆေးများ ဖြန့် ချိနိုင်မှုမှာ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ ထို့ပြင် ကာကွယ်ဆေးဖြန့်ဝေမှုတွင် မညီမျှမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မှတ်ချက်ပြုပြောကြား သည်။

      COVAX အစီအစဉ်ကို အဆုံးသတ်ပြီးသည့် နောက် ပိုင်းတွင် ဝင်ငွေနည်းပါးသည့် နိုင်ငံများ သည် လာမည့်နှစ်နှစ်အတွင်း ကာကွယ်ဆေးများကို Gavi အမည်ရှိ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှ ဆက်လက်ရရှိသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

#PAN