နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၀ ဒသမ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၂

     နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ နယ်၊ တောင်စဉ်အေးကျေးရွာ အနီး၌ ဒီဇင်ဘာလ ၁ ရက် ည ၇ နာရီခန့်တွင် တင်ဇော်လတ် မောင်းနှင်၍ ကျော်စန်းဌေး လိုက်ပါလာသည့် CHENGLONG TIPPER မော် တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များ ဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့သည်။

      စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေး ပြားများ တာဝန်ခံသယ်ဆောင်သူ ထန်ခိုဆေးအား ယင်းနေ့ ည ၁၁ နာရီခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ x ၂၈ ကြား၊ ၆၃ (C)လမ်းရှိ Hotel တွင် ဖမ်းဆီးရမိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ၎င်း၏ နေ အိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA LANDCRUISER မော်တော် ယာဉ် ၁ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကျပ် ၁,၂၀၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

       ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂ ရက် နံနက် ၄ နာရီအချိန် ချမ်းအေးသာစံမြို့ နယ်၊ အောင်နန်း(အရှေ့)ရပ်ကွက်နေ ဝင်းအောင်အား စိတ်ကြွရူး သွပ်ဆေးပြား ၁၈ သိန်း၊ PRADO မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ် ကြီးမြို့ နယ်၊ အိုင်ကြီးကျေးရွာနေ သန်းသန်းထွန်း(ခ) အားစိုင်းအား စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို၊ SUPER CUSTOM မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အလားတူ ဒီဇင်ဘာလ ၉ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ် ကွက်ရှိ မလားဆန်းခူးမီးအား ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိ တရားခံများကို စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးတို့သို့ သယ်ဆောင်ရောင်းဝယ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ကလေးမြို့မှ ရှမ်းပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် အမှုတွင် ဆက် စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ် ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုး အမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#PAN