
ဒီဇင်ဘာ ၁၂
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေသည့် မြန်မာ နိုင်ငံ သားများအနေနှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှ စတင်ပြီး ဝင်ငွေခွန်များပေးဆောင်ရမည်ဖြစ်သည်ဟု စင်ကာပူမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ကြေညာချက် အရ ပြည်ပနေ မြန်မာ နိုင်ငံသားများ၏ ပြည်ပမှာရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်ပြီး ဝင်ငွေခွန်များပေးဆောင်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက် မှတ်သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု သိရပါ သည်။
ထို့ပြင် အခွန်များကောက်ခံမည့် လစဉ်နှုန်း ထားများကို နေထိုင်ခွင့် အမျိုးအစားများပေါ်မူတည်ပြီး သတ်မှတ် နှုန်းထားအပေါ် ၂ ရာခိုင် နှုန်း အခွန်ပေးဆောင်ရမှာဖြစ်သည်ဟု ဖော်ပြထားပါသည်။ သို့သော် Student pass ကိုင်ဆောင်ထားသူများအနေနှင့် လက် ရှိကျောင်းတက်ရောက်နေသည့် ကျောင်းထောက်ခံစာများတင်ပြလျက် ဝင်ငွေခွန် ပေးဆောင်ခြင်း ကင်း လွတ်ခွင့်ရရှိမည် ဖြစ်ပါသည်။
အလားတူ အခွန်ထမ်းဆောင်သူများ၏ ဇနီး/ခင်ပွန်း(သို့မဟုတ်) မိဘ(သို့မဟုတ်) သား/သမီးများကို အိမ်ထောင်စု စာရင်း၊ မွေးစာရင်း၊ လက်ထပ်စာ ချုပ်များတင်ပြနိုင်ပါက မှီခိုသူအဖြစ်သက်တမ်းတိုးဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန် လာမည့်သူများအနေနှင့် စင်ကာပူမြို့/မြန်မာသံရုံးမှာ လစာဝင်ငွေ အပေါ် ဝင်ငွေခွန်များ ထမ်းဆောင်ပြီးကြောင်း/မှီခို/ကျောင်းသားထောက်ခံ စာ လာရောက်ယူဆောင်သွားရန် လိုအပ်သွားမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထားပါသည်။
#PAN