ရုရှားနှင့်မြောက်ကိုရီးယား ပူးပေါင်းမှုက UNSC ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းမရှိ

နိုဝင်ဘာ ၁၂

     ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ပူး ပေါင်းဆောင်ရွက်မှုများသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ(UNSC)၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က နိုဝင်ဘာလ ၁၁ ရက်တွင်ပြောသည်။

      မြောက်ကိုရီးယားအနေဖြင့် ရုရှားသို့ စစ် လက်နက်ပစ္စည်းများ တင်ပို့ပေးနေသည်ဟု အနောက်နိုင်ငံ များ ၏ စွပ်စွဲချက်ထွက်ပေါ်လာမှုအပေါ် ရုရှားကယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ် သည်။

     မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းပဋိပက္ခတွင် အသုံးပြုနိုင်ရေးအတွက် ရုရှားနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများနှင့် ခဲယမ်းများထည့်ထားသည့် ကွန်တိန်နာအလုံး ၁,ဝဝဝ ကိုပေးပို့ခဲ့ကြောင်း အိမ်ဖြူတော်မှ မဟာဗျူဟာမြောက် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး ဂျွန်ကာဘီ က သက်သေတစ်စုံ တစ်ရာ ပြနိုင်ခြင်းမရှိဘဲ စွပ်စွဲ ပြောဆိုထားသည်။

       “ရုရှားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက တရား မဝင်ကြောင်း အနောက်အုပ်စုရဲ့စွပ်စွဲမှုများက အခြေ အမြစ်မရှိတဲ့အပြင် အထောက် အထား ခိုင်လုံခြင်းလည်း မရှိပါဘူး။ ရုရှားနိုင်ငံဆိုတာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များအပါ အဝင် နိုင်ငံတကာ ကတိ ကဝတ်များကို ဖြည့်ဆည်းနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုဖြည့် ဆည်းပေးနေမှုများက မြောက်ကိုရီးယားအပါ အဝင် မိမိတို့ရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအပေါ် ဟန့်တားနေခြင်း မရှိပါဘူး” ဟု မာရီယာဇာခါရိုဗာ ကပြောထားသည်။

      ထို့အတူ တိုကျိုမြို့၌ကျင်းပသည့် G-7 ထိပ် သီးအစည်းအဝေးအတွင်း ရုရှားအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ အမေရိကန်နှင့်ဂျပန်နိုင်ငံတို့သည် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နိုင်သည့် နိုင်ငံများမဟုတ်ကြောင်း ဇာခါရိုဗာ က တုံ့ပြန်ထားသည်။

      ၎င်းအပြင် အမေရိကန်နှင့် လက်ဝေခံနိုင်ငံများ သည် ယူကရိန်းသို့လက်နက်များ ပေးပို့ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် UNSC တို့၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

      အလားတူ ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုသည် အနာဂတ်တွင် ယခုထက် ပိုမိုခိုင်မာလာဖို့သာရှိကြောင်း၊ အမေရိကန်အနေဖြင့် ဒေသတွင်းတည်ငြိမ်ရေးကို ဟန့်တားနှောင့် ယှက် ရန် ကြိုးပမ်းပါက အင်အားပြင်းထန်ပြီး ပူး ပေါင်းဆောင်ရွက်မှုရှိသည့် လက် တုံ့ပြန်မှုဖြင့် ရင်ဆိုင်သွားရမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားကြောင်း Sputnik သတင်းဌာန က ဖော်ပြထားသည်။

#PAN