ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရတ်နှင့်ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းများ ၁၃ ကြိမ် တိုက်ခိုက် ခံရ

အောက်တိုဘာ ၂၆

      အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အောက်တိုဘာလ ၁၇ ရက်မှ၂၄ ရက်အထိ အီရန်ကို ကျောထောက် နောက်ခံပြုထားသည့် အဖွဲ့အစည်းများက ၁၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ဒရုန်းများ၊ ဒုံးကျည်များ အသုံးပြုကာ အီရတ်ရှိ စစ်အခြေစိုက် စခန်းကို ၁၀ ကြိမ်၊ ဆီးရီးယားရှိ အခြေစိုက်စခန်းကို ၃ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပက်ရိုက်ဒါက အောက် တိုဘာလ ၂၄ ရက်တွင် သတင်း ထောက်များကို ပြောသည်။

       ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံတောင်ပိုင်း အမေရိကန်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း အသေးစားဒဏ်ရာများရရှိခဲ့သည်ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ပြောကြားခဲ့ကြောင်း NBC ရုပ်သံတွင်ဖော်ပြထားသည်။

      ယင်းသို့ တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသ အမေရိကန်၏ ကာကွယ်ရေးအနေအထားခိုင်မာစေရန် လေ ကြောင်းကာကွယ်ရေးစနစ်များ အပါအဝင် အခြားသောလုပ်ဆောင်မှုများလုပ်ဆောင်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် က အောက်တိုဘာလ ၂၁ ရက်က ပြောသည်။ အီရန်နှင့် အခြားသောအုပ်စုများကြောင့် လက်ရှိ ဖြစ်ပေါ်နေသည့် အစ္စရေးနှင့် ပါလက်စတိုင်းဟားမားစ်အုပ်စုတို့အကြား ပဋိပက္ခများ ပို၍အရှိန်ကောင်းလာမည် ကို အမေရိကန်က စိုးရိမ်နေကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN