တာချီလိတ်မြို့၊ရွှေတာချီလူမှုကူညီရေးအသင်း ဆိုင်ကယ်တက္ကစီ သမား တစ်ဦးကို အမည်မသိခရီးသည် တစ်ဦးက သတ်ဖြတ်ပြီး ဖုန်းနှင့် ပိုက်ဆံအိပ်ကို ယူဆောင်သွား

အောက်တိုဘာ ၁၅

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ရွှေတာချီလူမှုကူညီရေးအသင်း၏ ရွှေညောင်ပင်ဂိတ် မှ အသင်းသား အမှတ်(၄၃) ဦးထွန်းကြိုင်၊ ၅၄နှစ် သည် အသက် (၂၀)နှင့် (၃၀)ကြားရှိအသားဖြူဖြူ ပိန်ပိန်နှင့် (ကျား)ခရီးသည်တစ်ဦးက လွယ်စတုံအောက်ရွာသို့သွားမည်ဟု ဆိုကာ ဆိုင်ကယ်တက္ကစီ ငှားရမ်းသဖြင့် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က လိုက်လံပို့ဆောင်ခဲ့သည်။

       ဦးထွန်းကြိုင် မှာ ညနေခင်းအချိန်ထိ ပြန် လည်ရောက်ရှိလာခြင်းမရှိသောကြောင့် လိုက်လံစုံစမ်းခြင်းများလုပ်ဆောင်ရာ ဟောင်လိတ်ရဲ စခန်း၌ အသင်း သား (၄၃) ဦးထွန်းကြိုင် ၏ဆိုင်ကယ်ရောက်ရှိနေကြောင်းနှင့် ပြည့်သူဆေးရုံကြီး ရင်ခွဲရုံတွင်လည်း လွယ်စီတုံမှ အသတ်ခံရသော အမည်မသိ အလောင်းတစ်လောင်းရောက်ရှိနေ ကြောင်း သတင်းရရှိသဖြင့် ရွှေတာချီကော်မတီအဖွဲ့နှင့် ဦးထွန်းကြိုင်၏ ဇနီးတို့က ည​နေ ၆ နာရီအချိန်ခန့်တွင် သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာ ဦးထွန်းကြိုင်ဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့သည်။

       သေဆုံးသူမှာ ဦးထွန်းကြိုင်၏ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ ၂ ချက် ၊ ဘယ်ဘက်နံ ကြား ထိုးသွင်းဒဏ်ရာ ၁ ချက် ၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက် ၊ဘယ်ဘက်ရင်အုံညှပ်ရိုးနား ၁ ချက် ဒဏ်ရာဖြင့် လွယ်စီတုံလယ်တဲ ထဲတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

       သေဆုံးသူ၏ဆိုင်ကယ်အား လယ်တဲအနီးတွင် ဇက်သော့ခတ်ရပ်ထား၍ ယူဆောင်သွားခြင်းမရှိသော်လည်း ဖုန်းနှင့် ပိုက်ဆံအိပ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရပါသည်။

       ​အပိုင်နယ်မြေ ဟောင်လိတ်ရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက လူသတ်တရားခံ ဖမ်းဆီးရမိရေး အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေး ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

      တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲသူများ၊လောင်း ကစား ရှုံးသူများသည် ၎င်းတို့အတွက် အလွယ်တကူ ငွေရရှိရန် ဆိုင်ကယ်တက္ကစီသမားများကို ငှားရမ်းပြီး လူရှင်းသောနေရာအရောက်တွင် လူသတ် ဓားပြတိုက် လုယက်မှုများ မကြခဏဖြစ်ပွားလျှက်ရှိသည်။

        ရွှေတာချီအသင်းအနေဖြင့် အသင်းသားများကို ဆိုင်ကယ်ပြေးဆွဲကြရာတွင် သတိရှိကြရန် ၊ခရီးဝေးပို့ဆောင်ရပါက ဓာတ်ပုံမှတ်တမ်းယူထားကြရန် ၊ညဘက်ပြေးဆွဲရာတွင်လည်း အတင့်ရဲစွာ မပို့ဆောင်ကြရန်နှင့် တတ်နိုင်လျှင် ဆိုင်ကယ် ၂ စီးဖြင့်သွားက ရန် သတိပေးထားကြောင်း သိရှိရပါသည်။

#PAN