အစ္စရေးနိုင်ငံရောက် ဂျပန်နိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်စေလွှတ်

အောက်တိုဘာ ၁၄

     ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမားစ်နှင့် ပဋိ ပက္ခများ ပြင်းထန်နေချိန်တွင် အစ္စရေးနိုင်ငံရောက် ဂျပန်နိုင်ငံသားများကို ကယ်ထုတ်ရန်အတွက် စင်းလုံးငှားလေယာဉ်တစ်စင်း စီစဉ်မည်ဟု ဂျပန်အစိုးရ ပြော ရေးဆိုခွင့် ရှိသူက ပြောကြားသည်။

       စစ်ရေးတင်းမာမှုများ မြင့်တက်နေသည့် အတွက် အမေရိကန်နှင့် အခြားနိုင်ငံများက ၎င်းတို့၏ နိုင်ငံ သားများကို နေရပ်ပြန်ပို့ရေးအစီ အစဉ်များကို ဆောင် ရွက်လျက်ရှိသည်။

       အစိုးရအဖွဲ့အတွင်းဝန်ချုပ် မတ်ဆူနို ဟီရိုကာ က အောက်တိုဘာလ ၁၄ ရက်အစောပိုင်းမှာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှ ဒူဘိုင်းသို့ ဦးတည်ပျံသန်းမည့် စင်းလုံးငှား လေယာဉ်ကို ဂျပန်အစိုးရက စီစဉ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။

       ဂျပန်အစိုးရသည် သက်ဆိုင်ရာနိုင်ငံများ၏ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဂျပန်နိုင်ငံသားများ၏ ဘေးကင်း လုံခြုံရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားကြောင်း အင်န်အိတ်ချ် ကေ သတင်းဌာနက ဖော်ပြထားသည်။

       တစ်ဖက်မှာလည်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟားမတ်စ် အဖွဲ့က ဖမ်းဆီးထားသည့်ဓားစာခံ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏လက်အောက် ခံ အယ်လ်ကွာဇန်တပ်ဖွဲ့က အောက်တိုဘာလ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဂါဇာစီးတီးနှင့် ဂါဇာမြောက်ပိုင်းဒေသ တွင် အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုများ အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီးနောက် ဖမ်းဆီးထားသည့် ဓားစာခံများ သေဆုံးသွားခဲ့ကြောင်း သိရသည်။

        အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံ၌ ကျင်းပသည့် ဂီတပွဲတော်အတွင်း ဟားမတ်စ်စစ် သွေးကြွအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အစ္စရေးနိုင်ငံ သားများအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အစ္စရေးတပ်ဖွဲ့က အောက် တိုဘာလ ၁၂ ရက်တွင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့၏ ပစ် မှတ်များကိုတိုက်ခိုက်ခဲ့ရာ မြေအောက် လိုဏ်ခေါင်းများနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံများ ထိမှန်ခဲ့သည်။

        အစ္စရေးနိုင်ငံတွင် ဟားမတ်စ်စစ်သွေးကြွအဖွဲ့ ၏တိုက်ခိုက်မှုကြောင့် ထိုင်းရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၂၀ သေဆုံးပြီး အများအပြားပျောက်ဆုံး နေကြောင်း သိရသည်။

       လက်ရှိတွင် ထိုင်းနိုင်ငံသား ၆,၀၀၀ ခန့်မှာ အစ္စရေးနိုင်ငံမှ ထိုင်းနိုင်ငံသို့ပြန်လာရေးအတွက် ဆောင်ရွက်နေကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနက မှတ်ချက်ပြုပြောကြားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

#PAN