“ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်(FTA)ကို လာမည့် ၂၀၂၄ခုနှစ် အစောပိုင်းတွင် လက်မှတ်ရေး ထိုးနိုင်ဖွယ်ရှိနေ”

သြဂုတ် ၂၈

ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) ကို လာမည့် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေးညှိနှိုင်းရေးဌာနအကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် FTA ဆဋ္ဌမအကြိမ် ညှိနှိုင်းမှုဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က အဆိုပါ ဆွေးနွေးပွဲသည် လမ်းတစ်ဝက်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာ နှစ်ဖက်စလုံးမှ စေ့စပ်ညှိနှိုင်းမှုများကို ယခုနှစ် ၂၀၂၃ တွင် အပြီးသတ်ရန် ရည်မှန်းထားပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများသည် လာမည့် နှစ်အစောပိုင်းတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရန် လမ်းခင်း ပေးထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ဆဋ္ဌမအကြိမ်မြောက် ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ကုန်သွယ်မှုဆိုင်ရာ အလုံးစုံတိုးတက်မှုကို ကြီးကြပ်သည့် ကော်မတီ(၇)ခု ဖြင့်ဖွဲ့စည်း ထားပြီး ကုန်သွယ်မှု၊ မူရင်းစည်းမျဥ်းစည်းကမ်းများ၊ ဝန်ဆောင်မှုများ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုဆိုင်ရာ နည်းပညာဆိုင်ရာ အတားအဆီးများ၊ ကုန်သွယ်မှုဆိုင်ရာ ကုစားမှုများနှင့် ဥပဒေရေးရာ ကိစ္စရပ်များ လည်းပါဝင်ပါ နေပါတယ်။

“ကျမ တို့က လမ်းတစ်ဝက်ကျော်နေပြီဖြစ်ပြီး နှစ်ဖက်စလုံးသဘောတူညီသည့်ကိစ္စအားလုံးကို နိဂုံးချုပ်ဖို့ အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ နောက်ထပ်သုံးကြိမ် ညှိနှိုင်းဖို့ စီစဉ်ထားပါတယ်” လို့ မစ္စ Auramon က ပြောကြားခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံသည် အရွယ်အစားသေးငယ်ပြီး လူဦးရေ ၂၂ သန်းသာရှိသော်လည်း အိန္ဒိယသမုဒ္ဒရာတွင် အရေးကြီးသော ပထဝီဝင် အနေအထားတွင်ရှိနေပြီး ၎င်းတို့နိုင်ငံသည် ကုန်သွယ်ရေးဆိုင်ရာ ရေကြောင်း သွားလာရေးအတွက် အချက်အချာကျသောနိုင်ငံဖြစ်ကြောင်း လေ့လာမှုများက ဆုံးဖြတ်ထားကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။ ​

သီရိလင်္ကာနိုင်ငံသည် အဖိုးတန် သတ္တုဓာတ်များနှင့် ပင်လယ်စာများကဲ့သို့သော သဘာဝသယံဇာတများ ပေါများ ကြွယ်ဝသည့် နိုင်ငံလည်းဖြစ်ပါတယ်။

ထိုင်း-သီရိလင်္ကာ နှစ်နိုင်ငံ FTA သဘောတူညီချက်သည် ထိုင်းနိုင်ငံစီးပွားရေး၏ ၀.၀၂ရာခိုင်နှုန်းနီးပါး အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့်ညီမျှသော သဘောတူညီမှု လည်းဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံ တွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်နိုင်သည့် လုပ်ငန်းများတွင် ပြုပြင်ထားသော အစားအစာ၊ အဖျော်ယမကာ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် လက်ဝတ်ရတနာများလည်း ပါဝင်နေကြပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။