ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု(၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ်ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့

သြဂုတ် ၂၅

       ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင်ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ထိုင်းနိုင်ငံ တို့အကြား နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယ၌   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)တို့အကြား၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွန်းဝီနိုင်းတို့အကြား ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန် အလှန်ပေးပို့ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)ထံသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား  နှစ်နိုင်ငံသံတမန် ဆက်သွယ်ထူထောင်မှု    (၇၅)နှစ်ပြည့်မြောက်သော   အထိမ်းအမှတ်အခါသမယတွင် မိမိမှ နွေးထွေးစွာ  ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ချစ်ကြည်ရင်းနှီးစွာ    နှုတ်ခွန်းဆက်သလိုက်ပါသည်။

နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု (၇၅)နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်သည်   မိမိတို့၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်      ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြားနှင့်     နိုင်ငံတကာနယ်ပယ်တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေး အတူတကွလက်တွဲဆောင်ရွက်မည့် ကတိကဝတ်ကို အားသစ်လောင်းရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်စေသည်ဟု မိမိအနေဖြင့်   ယုံကြည်ပါသည်။

မိမိတို့၏ ထူးခြားမှုရှိသော နွေးထွေးသည့်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင်  ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်သည့် အားလျော်စွာ မိမိတို့၏ စုပေါင်းစွမ်းအားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ ပြည်သူအချင်းချင်း အပြန် အလှန် ထိတွေ့ဆက်ဆံမှုအပါအဝင်    ကဏ္ဍစုံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဖော်ဆောင်သွားနိုင်မည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ထားပါသည်။

အခါအခွင့်ကြုံခိုက်    အဆွေတော်ဝန်ကြီးချုပ် ကျန်းမာရွှင်လန်းပါစေကြောင်း  ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံမှ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွန်းဝီနိုင်းထံသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်သွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော အထိမ်းအမှတ်အခါသမယတွင် မိမိမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်      နွေးထွေးစွာ ဆုမွန်ကောင်းများပို့သပါကြောင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။

မြန်မာနိုင်ငံအနေဖြင့်  ထိုင်းနိုင်ငံနှင့် ဆယ်စုနှစ်များစွာတိုင် နှစ်နိုင်ငံအကြားတည်ရှိခဲ့သည့် အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတို့ကို အစဉ်အလေးထား   တန်ဖိုးထားလျက်ရှိပါသည်။ နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ် စတင်ထူထောင်သည့် စိန်ရတုအထိမ်းအမှတ်သည်  နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်လိုက်သည့်   အခါသမယဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံနှင့်ပြည်သူများ၏     အကျိုးစီးပွားအတွက် ရှေးရှုလျက် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတို့ကို နှစ်နိုင်ငံချင်း သာမက နိုင်ငံတကာမျက်နှာစာတွင်ပါ  ပိုမိုတိုးမြှင့်ဆောင်ရွက် သွားနိုင်ရေးအတွက်   အဆွေတော်နှင့် ပိုမိုနီးကပ်စွာ  လက်တွဲလုပ်ဆောင် သွားနိုင်မည်ဟု   မျှော်လင့်ပါသည်။

အခါအခွင့်ကြုံခိုက် အဆွေတော်ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူပြည်သားများ အဓွန့်ရှည်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အဆွေတော်အား  အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)ထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပေးပို့သည့်သဝဏ်လွှာ

ယခုနှစ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်မှု    (၇၅)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အခါသမယဖြစ်သည့် အားလျော်စွာ အဆွေတော်နှင့်   မြန်မာပြည်သူများထံသို့ မိမိအနေဖြင့် နွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါကြောင်း ပြောကြားလိုပါသည်။

လွန်ခဲ့သည့် (၇၅)နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား    ချစ်ကြည်ရင်းနှီးပြီး နီးကပ်မှုရှိသည့်ဆက်ဆံရေးကို တည်ဆောက်ခံစားလျက်ရှိပါသည်။ တူညီသောယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အခြေခံသည့်    မိမိတို့ပြည်သူများအကြား အားကောင်းသော ထိတွေ့ဆက်ဆံမှု များမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ခိုင်မာသည့်အုတ်မြစ်တစ်ရပ်ဖြစ်စေခဲ့ပါသည်။  ရှည်လျားသည့် နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံနှင့် မဟာဗျူဟာမြောက်မိတ်ဖက်များ ဖြစ်ကြသည့် အားလျော်စွာ    မိမိတို့နှစ်နိုင်ငံသည် ဘုံစိန်ခေါ်မှုများကိုဖြေရှင်းရန် အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြပြီး    အပြန်အလှန် အကျိုးစီးပွားအတွက် ကျယ်ပြန့်သည့် နယ်ပယ်ပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

စစ်မှန်သည့်  အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် အေးချမ်းသာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်အပေါ် ထိုင်းနိုင်ငံအနေဖြင့် ခိုင်မာစွာထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုလိုပါသည်။  နှစ်နိုင်ငံနှင့် ပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် လုပ်ဆောင်မည့် မိမိတို့၏ ကတိကဝတ်မှာလည်း မယိမ်းမယိုင်ဘဲ တည်ရှိနေမည်ဖြစ်ပါသည်။ မိမိတို့အကြား တည်တံ့ခိုင်မြဲသည့် မိတ်ဖက်ဆက်ဆံရေးမှာလည်း ဆက်လက်ရှင်သန်တိုးတက်လျက် မိမိတို့နှစ်နိုင်ငံ၏ အပြန်အလှန်ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် တိုးတက်မှုများ ရှေ့ဆက်ဖော်ဆောင်သွားနိုင်ရန်အတွက် လမ်းပြပေးသွားနိုင်မည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ထားပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထား လျက်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။   

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွန်းဝီနိုင်းထံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ပေးပို့သည့်သဝဏ်လွှာ

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့် မြောက်သည့် အထိမ်းအမှတ်အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ထိုင်းပြည်သူများ၏ ကိုယ်စား မိမိမှဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါကြောင်း ပြောကြားလိုပါသည်။

လွန်ခဲ့သည့် (၇၅)နှစ်ကျော်ကာလအတွင်း မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မာ အားကောင်းမှုရှိခဲ့ပြီး ဖြစ်ပါသည်။ မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးသည်လည်း  ဆက်လက်တိုးတက်ခိုင်မာလာခဲ့ပါသည်။ မဟာဗျူဟာ မြောက်မိတ်ဖက်များဖြစ်သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည်  မိမိတို့နှစ်နိုင်ငံနှင့်  ပြည်သူများအတွက် ဘုံစိန်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် သာယာဝပြောမှုများ ဖော်ဆောင်ခြင်းတို့ဆီသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် စတင်လျှောက် လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယခုကဲ့သို့ အရေးပါသည့်   နှစ်ပတ်လည်အထိမ်းအမှတ် အခါသမယတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့်  ဖွံ့ဖြိုးတိုးတက်မှုများ အတူတကွဖော်ဆောင်ပြီး ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ လာမည့်နှစ်များစွာတိုင် ဆက်လက်ရှင်သန်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ခိုင်မာ အားကောင်းအောင် ဆောင်ရွက်သွားမည့် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထား လျက်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

#PAN