ပြည်ကြီးတံခွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအဖွဲ့က သင်္ကာဖွယ်ရာ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးပြီး ဆိုင်ကယ်နောက်မှ ထိုင်လားသူက ဓားဖြင့်လှမ်းခုတ်ရာ လုံခြုံရေးအဖွဲ့က ခြောက်လှန့်ပစ်ခတ် ဖမ်းဆီး

ဩဂုတ် ၂၀

        ယမန်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ရှိသူများနှင့်အုပ်ချုပ်ရေးမှုးများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်စဥ် ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ် ကွက်၊၁၂၈လမ်း၊၆၁×၆၂ လမ်းကြားအရောက်တွင် မသင်္ကာဖွယ်ရာ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ၎င်းဆိုင်ကယ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားက ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်း တစ်စုံတစ်ခုအား လက်ဖြင့်နှိုက်ယူပြီး ပစ်ခတ်မည့်ပုံစံဖြင့်လည်း ကောင်း၊ဆိုင်ကယ်နောက်တွင် နောက်ထိုင်လိုက်ပါလာသူ အမျိုးသားမှ ၎င်း၏လက်ထဲတွင် အသင့်ပါလာသော ဓါးရှည်ဖြင့် ပူးပေါင်းအဖွဲ့အား လှမ်းခုတ်ကာ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ၁ချက် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်နောက်တွင် နောက်ထိုင်လိုက်ပါလာသူ အမျိုး သား၏ ယာဘက်လည်ပင်းမှ ကျည်ဖောက်ထွက်ပြီး ရှေ့မှမောင်းနှင်သူ၏ ယာဘက်လက်ပြင်အား ဖောက်ဝင်ကာ ဆိုင်ကယ်မှာ လဲကျသွားခဲ့သည်။

        သေနတ်ထိမှန် ဒဏ်ရာရသူ ၂ဦးအား စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ချစ်တိုးဝေ(ခ)တိုးကြီး၊၃၁နှစ်၊(ဘ)ဦးညွန့်ဝေ၊(စ)ရပ် ကွက်၊၆၀လမ်း၊၁၂၄×၁၂၅ လမ်းကြား၊ပြည်ကြီးတံခွန်မြို့နယ်နေသူဖြစ်ပြီး မျက်နှာတွင် နှာခေါင်းစည်း အနက်ရောင် တပ်ဆင်ထားကာ ၎င်း၏ဘေးလွယ်အိတ်အတွင်းမှ လေးဂွ ၁လက်၊မူလီခေါင်းများကို လည်းကောင်း၊နောက်တွင်လိုက်ပါလာသူမှာ ညိုကြီး၊၂၅နှစ်၊(စ)ရပ်ကွက်၊၆၀လမ်း၊၁၂၄×၁၂၅ လမ်းကြား၊ပြည်ကြီးတံခွန်မြို့နယ်နေသူဖြစ်ပြီး ၎င်း၏လက်ထဲတွင် အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးရှည် ၁ ချောင်းကိုလည်းကောင်း ရှာဖွေသိမ်းဆည်းရမိခဲ့ပါသည်။

      အဆိုပါ သေနတ်ထိမှန်ဒဏ်ရာ ရရှိသူ ၂ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဥ် ညိုကြီးမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN