ချမ်းမြသာစည်မြို့နယ်အတွင်း လဝကရုံးရှေ့နှင့် ရပ်ကွက်၊အုပ်ချုပ်ရေးမှုးရုံးတို့ကို အကြမ်းဖက်သောင်းကျန်းသူ PDF များ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲ၊ အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ

သြဂုတ် ၁၈

         ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ အကွက် (၉၀၂)ရှိ၊ချမ်းမြသာစည်မြို့နယ် လဝကရုံးရှေ့တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ လက်ပစ်ဗုံး ပစ်ခတ်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး၊ စုစုပေါင်းအပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

      ဖြစ်စဥ်မှာ အသက် ၂၀နှစ်ခန့်ရှိ အမည်မသိ အကြမ်းဖက်သမား PDF အမျိုးသား ၂ ဦးက ဆိုင်ကယ်(နံပတ်/အမျိုးအစား စိစစ်ဆဲ)ဖြင့် ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်ပြီး လဝကရုံးရှေ့အရောက်တွင် နောက်ထိုင်သူ အမျိုးသားမှ တရုတ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပါသည်။

      လက်ပစ်ဗုံးမှာ လဝကရုံးရှေ့ ဆိုင်ကယ်စတင်းအနီးကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိ ရွှေကရင် လက်ဖက် ရည်ဆိုင်မှ  ဆိုင်ရှင် ဒေါ်နှင်းနှင်းအေး၊ ၄၆နှစ်၊ (ဘ) ဦးမြင့်၊အကွက်(၉၀၂)၊ ချမ်းမြသာစည်(တောင်) ရပ် ကွက်နေသူတွင် ဝဲ/ယာခြေ ထောက် ၂ ဖက် ဗုံးစထိမှန်ဒဏ်ရာ၊ ယာပေါင် ဗုံးစထိမှန်ဒဏ်ရာ၊ ယာခြေဖမိုး ဗုံးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊  ဒေါ်မြင့်မာ၊ ၆၇နှစ်၊ (ဘ) ဦးကြည်၊ဆိုင်ဆိုင်ကယ်စတင်းလုပ်ကိုင်သူ၊ အောင်သာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေသူတွင် ဝဲ/ယာရင်ဘတ် ဗုံးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ ဇော်မင်းထိုက်၊ ၃၆နှစ်၊ (ဘ) ဦးတင်ထွေး၊ ဆိုင်ကယ်စတင်း၊အောင်သာယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် နေသူတွင် ဝဲပါး ဗုံးစထိမှန် ဒဏ်ရာ၊ ဝမ်းဗိုက် ဗုံးစထိမှန်ဒဏ်ရာ၊ ဝဲ/ယာခြေထောက်နှစ်ဖက် ဗုံးစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ အနီးရှိ သာမန်ပြည်သူ ဒေါ်ကြည်ဌေး၊ ၅၄နှစ်၊ (ဘ) ဉီးကြည်လှိုင်၊အကွက်(၉၀၂)၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်နေသူတွင် ဝဲ/ယာခြေသလုံး ၂ ဖက် ဗုံးစ ထိမှန် ဒဏ်ရာ၊ ဝဲဘက်ဆီးခုံဘေး ဗုံးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ သာမန်ပြည်သူ စိုးကျော်ကျော်၊ ၂၆နှစ်၊ (ဘ) ဦးမောင်ကြည်၊ ဈေး ရောင်း၊ ဇီးကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ် နေသူတွင် မေးစေ့ ဗုံးစထိမှန် ဒဏ်ရာ၊ ဝဲ/ယာလက်ဖျံ ဗုံးစထိမှန် ဒဏ်ရာ၊ ဝဲ/ယာခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ပြည်သူ မစုမြတ်မွန်၊ ၂၄နှစ်၊ (ဘ) ဦးမြင့်သိန်း၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ ဇီးအုပ်ကွက်သစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတွင် ဝဲဘက်ရင်အုံ ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ပြည်သူ ဖိုးလပြည့်၊ ၁၆နှစ်၊ (ဘ) ဦးမြင့်သိန်း၊  ကျောင်းသား၊ ဇီးအုပ်ကွက်သစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတွင် ယာဘက်လက်ခလယ် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရှိသည်။

      အဆိုပါ လဝကရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပွားပြီး မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် လဝကရုံးရှေ့သို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွားသည့် အဆိုပါ အမည်မသိ အကြမ်းဖက်သမား PDF ၂ ဦးသည် စစ်ကိုင်းလမ်းခွဲအတိုင်း အရှေ့မှအနောက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာပြီး ချမ်းမြသာစည်(တောင်)ရပ်ကွက်၊အုပ်ချုပ်ရေးမှုးရုံးကိုလည်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ လက်လုပ်မိုင်းမှာ အုပ်ချုပ်ရေးမှုးရုံးရှေ့ ဘယ်ရီဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN