လဟယ် – ခန္တီးလမ်းကြားရှိ လမ်းပိုင်းတစ်နေရာ ပြိုကျပျက်စီးမှုကြောင့် အသွားအလာ ယာယီပိတ်ထား

ဩဂုတ် ၁၅

       စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့ကြားရှိ လမ်းပိုင်းတစ်နေရာ မြေပြိုကျပျက်စီးမှုကြောင့် အသွားအလာ ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

      အဆိုပါ လမ်းပိုင်းမှာ မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြိုကျပျက်စီးခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ကားဆိုင်ကယ်များ သွား လာ၍မရသည့်အတွက် လမ်းပိုင်းအား ယာယီပိတ်ထားကြောင်း လဟယ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

      “ဒီလမ်းပိုင်းတွေက မိုးရွာရင်အမြဲတမ်းပျက်တယ်။ လမ်းကမြေသားလမ်းဆိုတော့ သိတဲ့အတိုင်းပဲ မိုးရွာပြီဆို ပြိုကျပြီ။ အခုလည်း ကားတွေ ဆိုင်ကယ်တွေသွားလို့မရလို့ လမ်းပိတ်ထားတယ်။ စက်ကြီးတွေနဲ့တော့ ပြုပြင်နေ တယ်။ ဘယ်ချိန်မှ သွားလို့ရမလဲဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

   ယင်းလမ်းပိုင်း ပျက်စီးမှုကြောင့် ခရီးသည်ကားများ၊ ဒေသခံပြည်သူများ ခရီးသွားလာရန်အတွက် အခက်အခဲ များရှိနေပြီး အဆိုပါလမ်းပိုင်းကို တာဝန်ရှိသူများမှ အမြန်ဆုံး လုပ်ဆောင်ပေးစေလိုကြောင်း ပြည်သူတစ်ဦးက ပြောသည်။

  “လမ်းကပြိုကျတော့ သွားလာရတာအဆင်မပြေဘူး။ အရေးကြီးတဲ့ကိစ္စရှိတဲ့အချိန်တွေဆို သွာလာလို့မရတော့ အခက်အခဲတွေ ကြုံရတယ်။ ဟိုနေ့ကတောင် လမ်းကချော်တာနဲ့ ကားသေးတစ်စီး မှောက်သေးတယ်။ အခု ချိန်သွားဖို့ကတော့ အန္တရာယ်ရှိတယ်။ ဒါကြောင့် သွားလို့လာလို့ အဆင်ပြေအောင် တာဝန်ရှိသူများက လုပ်ပေးရင် အဆင်ပြေတာပေါ့” ဟု ၎င်းကဆိုသည်။

      လက်ရှိတွင် ပြိုကျသွားသည့် လမ်းပိုင်းကို စက်ကြီးများဖြင့် ပြုပြင်ဆောင်ရွက်နေကြောင်း သိရပြီး၊ မိုးရွာသွန်း နေဆဲဖြစ်သည့်အတွက် အချိန်မီပြုပြင်ရန် အဆင်မပြေနိုင်သေးကြောင်း သိရပါသည် ။

#PAN