ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းသွားသဖြင့် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးရှောင်စခန်း ၃၈ ခုကို ပြန်လည် ပိတ်သိမ်း

သြဂုတ် ၁၄

        ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ အထက်ကျော်လွန် ရောက်ရှိလာပြီး မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာ ၆ ရွာတို့တွင် ရေများဝင်ရောက်ပြီး ရေကြီးမှုများ ဖြစ်ပေါ်လာသဖြင့် သြဂုတ်လ ၉ ရက်နေ့မှစ၍  ၁၃ရက်နေ့အထိ ပဲခူးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင်(ယာယီ)ရေဘေး ရှောင်စခန်း ၃၈ ခု ဖွင့်လှစ်ကာ ရေဘေးရှောင်ပြည်သူ ၁၅၃၉၅ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းအသီးသီးမှ ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။

ယခုအခါ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းသွားသောကြောင့် ယာယီ ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်း ၃၈ ခုကို  ယမန်နေ့  ညနေ ၄ နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာ ၇ ခုမှ ယာယီရေဘေးရှောင်စခန်း ၁၃  ခုအားလည်းကောင်း၊ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာ ၁၄ ခုမှ ယာယီရေဘေးရှောင်စခန်း ၂၅ ခု အားလည်ကောင်း ပိတ်သိမ်းခဲ့ကြောင်း၊ ရေဘေးရှောင်ပြည်သူများမှ မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြရာ တာဝန်ရှိသူများက ထမင်းထုပ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ပဲခူးမြို့နယ်၏ မြစ်ရေကြီးမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် ရေဘေးကယ်ဆယ်ရေးစခန်း(ယာယီ)စခန်းများဖွင့် လှစ်ထားခဲ့ရပြီး ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တိုင်းကော်မတီဝင်များ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများ၊ ပဲခူးမြို့နယ် ပြည့်မဏ္ဍိုင်ပရဟိတ အဖွဲ့ဝင်များ စေတနာရှင် အလှူရှင်များမှ စုပေါင်း၍  ဆန်၊ ဆီ၊ ရေသန့်ကဒ်များ ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ကြက်သားများ၊ အသင့်စားထမင်းဗူးများကို ပေးအပ်ကူညီလှူဒါန်းခဲ့ပြီး၊ ဆွမ်း၊ဆွမ်းဟင်း အခက်အခဲများရှိသော ဘုန်းတော်ကြီးကျောင်းများအား ဝထ္ထူငွေများ၊ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN