ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာ၊ ပုသိမ် ငွေဆောင်ကားလမ်းဘေးရှိ ဆောက်လုပ်ဆဲ တစ်ထပ်အဆောက်အဦ တစ်လုံး ပြိုကျရာ ပန်းရံလုပ်ကိုင်သူ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

သြဂုတ် ၁၂

       ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဧရာဝ တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု ၊ သစ်ပုတ်ကုန်းကျေးရွာ၊ ပုသိမ် ငွေဆောင်ကားလမ်းဘေးရှိ ပိုင်ရှင် ဒေါ်တင်တင်ချို၊၄၃ နှစ်၊ (ဘ) ဦးစံမြအောင်၊သစ်ပုတ်ကုန်းကျေးရွာနေသူ ပိုင်ဆိုင်သောပေ ၅၀×  ၃၀ ရှိ steel structure အုပ်စီ တစ်ထပ်အဆောက်အဦ (ဆောက်လုပ်ဆဲ) ၏ အပေါ်အမိုးအား အလုပ် သမား ၁၀ ဦးခန့် တက်ရောက်၍ အဆောက်အဦ နောက်ခြမ်းအုတ်စီရန်ပြင်ဆင်စဥ် တိုင်အခြေ ပြတ်တောက်ပြီး ၊ အမိုးဆလပ်ဝိတ် မခံနိုင်သဖြင့် ပြိုကျပျက်စီးခဲ့သည်။

     ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနများမှ အင်ဂျင်နီယာအဖွဲ့တို့ရောက်ရှိလာပြီး  ပြိုကျအဆောက်အဦကို စစ် ဆေးခဲ့သည်။

      အဆိုပါ အဆောက်အဦ ပြိုကျမှုကြောင့် အဆောက်အဦအတွင်းရှိ ပန်းရံ လုပ်ကိုင်သူ ဦးသိန်းဇော်၊ ၃၀ နှစ်၊ (ဘ)ဦးထွန်းရှိန်၊သူတော်ကုန်းကျေးရွာနေ သူသည် အဆောက်အဦ ပြိုကျသည့် အုတ်တိုင်ပိ၍ ဦးခေါင်းကြေမွကာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား  ၄ ဦးဖြစ်သည့် ဦးသက်မျိုး၊ ကိုရှိုင်း၊ လုံးလုံး၊ ဦးစိုးသူ (ကိုယ်ရေးအချက်အလက်စိစစ်ဆဲ)တို့မှာ ထိခိုက်ဒဏ်ရာများရ ရှိသဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း၊ ပျက်စီးအဆောက်အဦကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အဆောက်အဦ ပိုင်ရှင်အား အရေးယူဆောင်ရွက်နိုင်ရေး နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။