ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့တွင် ရန်ကုန်-မန္တလေးကားလမ်းကျော်နေပြီးယာဥ်များဖြတ်သန်းခွင့်ပိတ်ထားကာ ယာယီရေဘေးရှောင်စခန်း ၁၃ ခုဖွင့်လှစ်ထားရှိ

သြဂုတ် ၁၁

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်း ထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ယမန်နေ့က ပဲခူးမြို့၏စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာအားကျော်လွန်ပြီး ၉၆၈.၄ စင်တီမီတာသို့ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျှက်ရှိသည့်အပြင် ပဲခူးမြို့ တွင်း ရန်ကုန်-မန္တလေးကားလမ်းဟောင်းကိုရေကျော်လျှက်ရှိကြောင်းသိရသည်။

    ရန်ကုန် – မန္တလေးကားလမ်းဟောင်းအား ရေ ကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်း ဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင်ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်းသွားလာနေသည့် ယာဥ်များ၊ လူများအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခြင်းများပြုလုပ်ပေးလျှက်ရှိသည်။

      ရေဝင်ရောက်လျှက်ရှိသည့် ရပ်ကွက်/ကျေး ရွာများမှ ပြည်သူများ နေထိုင်နိုင်ရေးအတွက်လည်း ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၃ ခုအား သက်ဆိုင်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦးများနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပဲခူးတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီ     ဥက္ကဋ္ဌဦးရဲမြင့်ထွန်း ဦးဆောင်ပြီး  ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့သားများမှလည်းကောင်း၊ သက် ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများကူညီထောက်ပံ့လှူဒါန်းပေးလျှက်ရှိကြောင်းသတင်းရရှိသည်။

     ပဲခူးမြစ်ရေသည် ယနေ့ နံနက် ၈ နာရီအချိန်တိုင်းထွာချက်အရ ၉၆၈.၄ စင်တီမီတာသို့ရောက်ရှိနေကြောင်းသိရသည်။

#PAN