နစက၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ်  က ပြောကြား

ဩဂုတ် ၈

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအား ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာမှာ အသစ်ထပ်မံဖွဲ့စည်းခဲ့သည့်ကောင်စီဝင်များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ ယာယီသမ္မတ၏ တာဝန်ပေးအပ်မှုအရ နိုင်ငံ့တာဝန် များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီး ဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အကြီးအကဲများကို တာဝန်ပေးအပ်ရာတွင် ဝန်ကြီးဌာန အလိုက်တာဝန်ထမ်းဆောင်လျက်ရှိသူများ၊ အတွေ့အကြုံရှိပြီးသူများနှင့် ဒေသနှင့်ကိုက်ညီသူများကို စိစစ်ရွေးချယ်၍ စစ်ဘက်၊ အရပ်ဘက်မျှတစွာ တာဝန်ခွဲ ဝေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။

         ယခင်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် နိုင်ငံ တော်၏အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်မှ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊  လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင် ရွက်ခြင်းမရှိဘဲ တရားမဝင်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်ခဲ့ကြ ကြောင်း၊ PDF အမည်ခံအကြမ်း ဖက်သမားများအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအား ပေးမှုနှင့်အထောက်အပံ့များကိုရယူ၍ လက်နက်ကိုင်အကြမ်းဖက်မှုများကို လုပ်ဆောင် ခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို NCA အပေါ်တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အချို့ သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ထိုကဲ့သို့သော အကြမ်း ဖက်လုပ်ရပ်များကြောင့် အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ ကြောင်း။

       မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆက်လက်ဆောင်ရွက်ပြီး ရည်မှန်းချက်တာဝန်များ အောင်မြင်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရ မည် ဖြစ်ကြောင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့် အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ များစွာ ဆုံးရှုံးထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ထို့ပြင် ဒေသခံပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိသကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

      မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ် ကြောင်း၊ ထို့ကြောင့်  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

         မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ လုံခြုံရေး Food Security သည် အမှန်တကယ်လိုအပ်ချက်ရှိနေသည့် အချက်တစ်ခု ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများစွာ ရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူ ရေးကို အခြေခံပြီး MSME ကုန်ထုတ်လုပ်ငန်း များကို ခေတ်မီနည်းပညာများ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ် နိုင်ရေး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း ၊ လယ်စိုက်ပျိုးမြေများ တွင် တစ်သီးသာစိုက်ပျိုးသည့် မြေဧက ၃ သန်းကျော်ရှိကြောင်း၊ ယင်းနေရာများ၌ ဆီထွက်သီးနှံအပါအဝင် သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းအတွက် လိုအပ်သည့် အခြေခံသွင်းကုန်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း ပို့ကုန်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ အမှန်တကယ်လိုအပ် သည်မှာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရေး နိုင်ငံတော် အစိုးရကကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေး ဘက်ပေါင်းစုံမှ ကျယ်ကျယ် ပြန့်ပြန့် စဉ်းစား၍ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုး တက်ရေးကို ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ် ကြောင်း။

         တိုင်းရင်းသားများ၏အခွင့်အရေးနှင့် ပတ်သက် ၍ အခြေခံဥပဒေ၌ တူညီသည့် အခွင့်အရေးများ ပေးထားပြီးဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း တိုင်းရင်း သားဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေး ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တိုင်း ရင်းသားဒေသများ တည် ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် NCA ပါသဘောတူညီချက်များအတိုင်း အလေး ထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အလေး ထား လိုက်နာဆောင်ရွက်သွား ရန်လိုကြောင်း၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေး အခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူး သတိပြု ဆောင်ရွက်ရန်လိုကြောင်း၊ သမာသမတ်ကျသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် ဘက်မှ အားသွန်ခွန် စိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အားလုံးက လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။

        ခေတ်မီတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာ တတ်များ ပေါကြွယ်ဝကြသည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားမှသာ ပိုင်း ခြားဝေဖန်လုပ်ကိုင်နိုင်သည့် အတွေးအခေါ်များ ရရှိမည်ဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပညာ ရည်မြင့်မား‌အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အနာဂတ်လူငယ်များ ကို မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာကို ထိန်းသိမ်း တတ် စေရန်နှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့် ရင်ဘောင်တန်းနိုင်ရေး ဆောင် ရွက် ပေးရန်လိုကြောင်း၊ ထိုကဲ့သို့ အနာဂတ်လူငယ်များအား လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် တည့်မတ်ထိန်းကြောင်းပေးနိုင်မှသာလျင် တိုင်းပြည်၏ အနာဂတ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အားကိုး အားထားရသည့် လူ့စွမ်းအားအရင်း အမြစ်များ ရရှိလာနိုင်မည်ဖြစ်ကြောင်း။

        မိမိိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ၊ ဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် အယူအဆများနှင့် သဘောတရားများ တူညီမှု မရှိနိုင်ဘဲ သဘောထားကွဲလွဲမှုများလည်း ရှိနိုင်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုအလိုက် လည်း မတူညီသည့်လက္ခဏာများရှိကြောင်း၊ ထို့ကြောင့် လူပုဂ္ဂိုလ်နှင့်လူမျိုးကိုအခြေခံ ဆောင် ရွက်၍ရမည်မဟုတ်ဘဲ ဒေသနှင့်အများ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ လူအနည်းစု၏ သဘောထားကိုလည်း အလေးထားရန်လိုကြောင်း၊ သို့မှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဆက်လက် ဆောင် ရွက်ရမည့်လုပ် ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲ ပြောင်းပေးမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြား အလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲ ပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရေးဆောင်ရွက်ပေးရန်မှာ အစိုးရ ၏ တာဝန်ဖြစ် ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်စာရင်းများ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး၊ ပြည်စုံရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း၊ ရွေးကောက်ပွဲဟူသည် ရာနှုန်းပြည့်ကျင်းပအောင်မြင်ရန်ခက်ခဲသော် လည်း ပြည်သူတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မိမိတို့က စွမ်းအားရှိသမျှလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက် ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ပထမနှစ်နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နောက်ထပ်သက်တမ်းတိုးယူခဲ့သည့် ၆ လတာကာလ အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ယခုထပ်တိုးကာလများ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။

       နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည် ဆိုပါ က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေး လုပ်ငန်း စဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း၊ ထိုသို့နှောင့်နှေးစေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့်ပြန်လည် ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေး စေကြောင်း၊ ထိုကဲ့သို့နှောင့်နှေးအောင် လုပ် ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူကိုထိခိုက်စေသူများဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက် ဖြစ်စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူ လူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့ ဆက်လက်တာဝန်ထမ်းဆောင် မည့်ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကောင်စီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် အရှိန် အဟုန် မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကောင်စီဝင်များ အားလုံး ကလည်း မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ စေလိုကြောင်းဖြင့်မှာကြားခဲ့သည်။

         အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက် တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း နှင့် ဦးရန်ကျော်တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

#PAN