ကော့ကရိတ်-မြဝတီ သွားအာရှလမ်းမြေပြိုမှုဖြစ် လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်လျှက်ရှိ

သြဂုတ် ၇

         ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျှက်ရှိရာ ယနေ့ မွန်းလွဲ ၁၂နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မြဝတီ – ကော့ကရိတ်  အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀) အကြားနေရာတွင်တောင်ကျရေတိုက်စားမှုကြောင့် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်း ကားလမ်းအရှည် ၁၅၀ ပေခန့်သည် ပဲ့ကျပျက်စီးခဲ့ခြင်းကြောင့် ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

     ကားလမ်းအောက်ခံမြေသားပြိုကျခြင်းကြောင့် လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်နေပြီး အ​မြန်ဆုံးပြန်လည်​ပြုပြင်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ သွားရောက်ကြည့်ရှု့စစ်ဆေးနေပြီး ထပ်မံပြိုကျဖွယ်လည်းရှိနေကြောင်း သိရသည်။

      မြဝတီ – ကော့ကရိတ် – ဘားအံ့ အာရှလမ်းမကြီးသည် ထိုင်းနိုင်ငံမှကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ထိုင်းကုန်စည်များစျေးတက်လာမှာကို ဒေသတွင်းပြည်သူများ စိုးရိမ်မှုရှိနေကြကြောင် သိရသည်။

PAN