ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းချောင်းရေလျှံတက်ကာ ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ် ရေကျော်လွှမ်းမိုးကာ ယာဥ်ကြီးများသာသွားလာနိုင်

သြဂုတ် ၅

   ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်ရှိ သကြားစက်ရုံနှင့် အရက်ချက်စက်ရုံအကြား ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ် မိုင်တိုင်အမှတ် ၁၂၆/၄နှင့် ၁၂၆/၅ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းချောင်းရေလျှံတက်လာခဲ့ရာမှ ကားလမ်းမပေါ်သို့ ရေအကျယ် ပေ ၆၀၀၊ အနက် ၁၂ လက်မခန့်ရှိကြောင်း သိရပါသည်။

      အလားတူ ဒေါက်ရပ်ကျေးရွာရှိ ရန်ကုန်- မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၂၇/၇ နှင့် ၁၂၈/၀ အကြား ကားလမ်းမပေါ်သို့ ရေအကျယ် ပေ ၂၀၀၊ အနက် ၈ လက်မခန့်နှင့် ရန်ကုန်- မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ် ၁၂၉/၂ရှိ မစောတံတားအနီးတွင် ရေအကျယ် ပေ ၅၀ ၊ ရေအနက် ၁ ပေခွဲခန့်ရှိရာ ရေလွှမ်းမိုးမှု  ဖြစ်ပေါ်နေကြောင်း သိရသည်။

        ထိုသို့ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်တွင် မြစ်ရေ ရေချောင်းရေလျှံမှုကြောင့် ကားလမ်းရေကျော်မှုကို လမ်းဦးစီးဌာနမှ လမ်းပြအမှတ်အသားများ စိုက်ထူခြင်းများဆောင်ရွက်လျှက်ရှိကြောင်း၊ လူစီး၊ အိမ်စီးကားသေးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြီးများသာ သွားလာနိုင်ကြောင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်ပွားစေရေးအတွက် မြို့နယ်လုံခြုံရေး ပူပေါင်းအဖွဲ့က နေရာများပိုင်းခြားသတ်မှတ်၍ ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ရေဖြတ်ကျော်စီးဆင်းမှု အခြေအနေပေါ်မူတည်၍ ယာဉ်ငယ်များအား ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

      ယနေ့ နံနက် ၇ နာရီခွဲအချိန် ဘီးလင်းမြို့နယ် ၏မိုးလေဝသတိုင်းတာချက်အရ မြစ်ရေ- (၁၀၇၈ စင်တီမီတာ)၊ လက်ရှိမိုးရေချိန်(၄.၈၄လက်မ)၊ အနောက်တောင်လေ ၁နာရီ ၅ မိုင်နှုန်း တိုက်ခိုက်လျက်ရှိပြီး ဘီးလင်းမြစ် စိုးရိမ်ရေအမှတ်မှာ (၁၀၂၂ စင်တီမီတာ)ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းလျက်ရှိကြောင်း သိရပါသည်။

#PAN