နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

ဇူလိုင် ၂၉

       နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (Treaty on the Non-Proliferation of Nuclear Weapons -NPT) ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၂၄-၇-၂၀၂၃ ရက်မှ ၂၈-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့ရာ NPT အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

       NPT အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်အား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေမှု အပေါ် ပြန်လည်သုံးသပ်သည့်လုပ်ငန်းစဉ်များ ပိုမိုထိရောက်အကျိုးဖြစ်ထွန်းစေရေး၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုရှိရေး၊ ပူးပေါင်းညှိနှိုင်းမှုနှင့် စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေး တို့အတွက် အကြံပြုချက်များကို တင်ပြနိုင်ရန် ၂၀၂၂ ခုနှစ်တွင် နယူးယောက်မြို့၌ ကျင်းပခဲ့သည့် NPT စာချုပ် အကောင် အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ များ၏ (၁၀) ကြိမ်မြောက်ညီလာခံ၌ အထက်ပါလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

      ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် NPT စာချုပ်အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏(၁၁) ကြိမ်မြောက် ညီလာခံ အတွက် ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၃၁-၇-၂၀၂၃ ရက်မှ ၁၁-၈-၂၀၂၃ ရက်အထိ ဗီယင်နာမြို့၌ လည်းကောင်း၊ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် ဂျီနီဗာမြို့၌ လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် နယူးယောက်မြို့၌ လည်း ကောင်း ကျင်းပသွားမည်ဖြစ်ပြီး၊ ကော်မတီအစည်းအဝေးများသို့ လုပ်ငန်းအဖွဲ့အစည်းအဝေးများက အကြံပြုချက် များတင်ပြနိုင်ရေး ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်ပါသည်။ ယခုကျင်းပပြီးစီးခဲ့သည့် လုပ်ငန်း အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးတွင် အကြံပြုချက်မူကြမ်းများ အဆိုပြု ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း တူညီဆန္ဒမရရှိခြင်းကြောင့် အတည်ပြုနိုင်ခြင်းမရှိ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN