မြန်မာ့ရင်ကွဲသရက်သီးများ တရုတ်နိုင်ငံဈေး ကွက်သို့တင်ပို့ရာတွင် ဈေးကောင်းရရှိနေ

ဇူလိုင် ၇

          ယခု ၂ဝ၂၃ ခုနှစ်အတွင်း ထွက်ရှိလာသည့်
ရင်ကွဲသရက်သီး များကို တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရောင်းချရာတွင် ဈေးကောင်းရရှိနေ
ကြောင်း၊ မြန်မာသရက်ဈေးကွက်နှင့် နည်းပညာ
ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ သိရသည်။

      မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံဈေးကွက်
သို့ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်နှင့် မယ်သီသရက်သီးတို့ကို နှစ်စဉ် တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြေပြန့်ပိုင်း၌ စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများ ရာသီကုန်ချိန် ရောက်ရှိနေပြီဖြစ်၍ ရင်ကွဲသရက်သီးများကိုသာ တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း၊ယင်းအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ဇွန် ၂၉ ရက်တွင် ပြောသည်။

        “တရုတ်နိုင်ငံဈေးကွက်ကို ရင်ကွဲသရက်သီး
တွေ တင်ပို့ရောင်းချနေကြပါတယ်။ ဈေးကောင်း
လည်း ရပါတယ်။ ဇွန်လကစပြီး ရင်ကွဲသရက်သီး
က ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက်နေပါပြီ။ပြတ်သလောက်ဖြစ်ကျန်တဲ့ သရက်သီးတွေက
သွားပြီး ရင်ကွဲသရက်သီးပဲ ကျန်တော့တယ်။ ဒီနှစ်မှာ သရက်သီးက အဝယ်သွက်ပါတယ်။ အရည်အသွေးကောင်းရင် ကောင်းသလောက် ဈေးကောင်းရကြတယ်။ နောက်နှစ်တွေမှာတောင်သူတွေ ကိုယ့်ပစ္စည်းကို အရည်အသွေးကောင်းအောင်ဂရုစိုက်ကြဖို့လိုပါတယ်။ခူးဆွတ်တာကအစ ထုတ်ပိုးမှုစနစ်ကောင်းကောင်း လုပ်နိုင်ရင် ဈေးကောင်းရပါတယ်”ဟု ၎င်းက ပြော သည်။

        ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် သရက်ရာသီတွင်
ရင်ကွဲသရက်သီး ၁၆ ကီလိုဂရမ် တစ်ခြင်းလျှင်
တရုတ်ငွေ ယွမ် ၇၀ ကျော်သာ ရရှိခဲ့သော်လည်း
ယခု ၂ဝ၂၃ခုနှစ် သရက်ရာသီတွင်တော့ ၁၆ ကီလိုဂရမ် တစ်ခြင်းလျှင် တရုတ်ငွေ ယွမ် ၉ဝအထိ ရရှိနေကြောင်း သိရသည်။

      မြန်မာ့သရက်ဈေးကွက်တွင် စိန်တလုံး၊ ရွှေ
ဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည့် သရက်
သီးအမျိုးအစားကိုသာ ပြည်ပနိုင်ငံများမှအများဆုံးဝယ်ယူမှုရှိကြောင်း သိရသည်။

#PAN