ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာ အဝင်
အလျား ၁၅ ပေ၊ အကျယ်ပေ၂၀ခန့် သံကူကွန်ကရစ် ထန်းလေးပင် တံတားအား ယမန်နေ့ ည ၉ နာရီ နှင့် ၁၀ နာရီအချိန်ခန့်တွင် NUG လက်ဝေခံ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ကျောက်ကြီး – နတ်သံကွင်း ကုန်စည်စီးဆင်နိုင်ရေးအတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ တံတားကို ယာယီဖြတ်သန်းသွားလာနိုင်ရေးအတွက် ဒေသခံ ဆိုင်ကယ်ကယ်ရီသမားများမှ ဝိုင်းဝန်းပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်းရှိ တံတားများကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့ မေလမှစ၍ ဆက်တိုက် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောက်ကြီးမြို့၊ မြို့အဝင် အင်းသဘောက်တံတားကို မေလ ၂၃ ရက်နေ့တွင်တစ်ကြိမ်၊ မေလ ၃၀ ရက်နေ့တွင် တစ်ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊စစ်တောင်း မြစ်ကူးတံတား(နတ်သံကွင်း)ကို ဇွန်လ ၆ ရက်နေ့တွင်လည်းကောင်း၊ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်းရှိ တံတားအတို နှစ်စင်းကို ဇွန်လ ၂၄ ရက်နေ့တွင်လည်းကောင်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်းတွင် တံတား စုစုပေါင်း ၅ စင်းကို ၆ ကြိမ် ဖောက် ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါသည်။
အကြမ်းဖက်သောင်း ကျန်းသူများသည် ကျောက်ကြီးမြို့ကို ဆက်သွယ်မှုပြတ်တောက်အောင်၊ စစ်ကူပစ်ကူ ဝင်ရောက်မလာနိုင်အောင် ပြုလုပ်နေခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ပြီးပါက မြို့သိမ်းတိုက်ပွဲဆင်နွဲရန် ရည်ရွယ်ဟန် ရှိကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။
#PAN