တာချီလိတ်မြို့တွင် အိမ်နီးချင်း အချင်းချင်း စကားများရာမှ အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး တံစဉ်ဖြင့် ခုတ်သတ်ခံရ

ဇွန် ၂၉

      ဇွန်လ ၂၈ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊မိုင်းကိုးကျေးရွာ အုပ်စု၊ စခန်းသာကျေးရွာတွင် အိမ်နီးနားချင်း  လူကြီးအချင်းချင်း စကားများရာမှ ဆော့ကစားနေသည့် အသက်(၅)နှစ်အရွယ် မအေးအေးခိုင်မှာ တံစဉ်ဖြင့် ခုတ်ခံရ၍ သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တံစဉ်ဖြင့် ခုတ်သူ ဦးကျပုတ် ဆိုသူမှာ ထွက်ပြေးတိမ်း ရှောင်သွားကြောင်းသိရှိရပါ သည်။

      တာချီလိတ်မြို့၊မိုင်းကိုးကျေးရွာအုပ်စု၊စခန်းသာကျေးရွာအတွင်း နေအိမ်တွင်  ဒေါ်အားဘသည် ၎င်းအိမ်သို့ လာလည်သည့်  ဦးလေးဖြစ်သူ ဦးကျချီးနှင့် စကားပြောနေကြပြီးနောက် ခဏအကြာတွင် ဦးလေးဖြစ်သူမှာ ၎င်း၏ နေအိမ်သို့ ပြန်သွားချိန်တွင် ဒေါ်အားဘ က ၎င်း၏ သမီးငယ်များဖြစ်သည့် အသက်(၅)နှစ်အရွယ် မအေးအေးခိုင် နှင့် အသက်(၇)နှစ်အရွယ် မဘူးသော့တို့အား  နေအိမ်အရှေ့တွင် သွားရောက် ဆော့ကစားရန် ပြောရာမှ ကလေးများမှာ နေအိမ်အရှေ့သို့ သွားဆော့နေကြကြောင်း၊ ထိုအခိုက်ဘေးချင်းကပ် နေအိမ်မှ အမျိုးသမီးတစ်ဦးသည် အမှိုက်များကို မီးရှို့ရာမှတဆင့် လူသတ်မှုအထိ ဖြစ်ပွားခဲ့ရခြင်း ဖြစ် ကြောင်း သိရသည်။

“ဒေါ်အားဘ ရဲ့ အိမ်ဘေးချင်းကပ်မှာ နေသော
ဒေါ်နာဒေါမှ အမှိုက်များကို မီးရှို့နေတာ၊ အဲ့တော့ နီးနီးကပ်ကပ်ဖြစ်နေတော့ အမှိုက်တွေကို မီးရှို့တာ ညှော်တဲ့အတွက် နောက်တခါဆိုရင် ဒီနားမှာမရှို့ဘဲ တခြားမှာ သွားရှို့ဖို့ လှမ်းအော်ပြောကြောင်း။ ထိုအချိန်ဒေါ်နာဒေါ ၏ ယောကျာ်း
ဖြစ်သူ ဦးကျပုတ်က ဘာစကားမှမပြောဘဲ အိမ်တွင်း ၀င်ရောက်သွားကာ တံစဉ်ကိုင်ထွက်လာပြီး ဒေါ်အားဘ ၏ သမီးကို ခုတ်လိုက်ကြောင်း။ ဘာမှ မသိနားမလည်သေးသည့်အရွယ်  ကလေးငယ်ခမျာထို ဒဏ်ရာဖြင့် သေသွားကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူ တစ်ဦးထံမှသိရပါသည်။

   အသက်(၅)နှစ်အရွယ် မအေးအေးခိုင် အား တံစဉ်ဖြင့် တစ်ချက်ခုတ်လိုက်မှုကြောင့် ကလေး ၏ နားအောက်ဘက်တွင် (၂)လက်မ ဝန်းကျင် ဒဏ်ရာရကာ လဲကျသွားပြီး ခဏအကြာမှာပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ ယင်းသို့ တံစဉ်ဖြင့် ခုတ်သူမှာ အသက်(၅၄)နှစ်အရွယ် ဦးကျပုတ်ဆိုသူဖြစ်ပြီး ၎င်းသည် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၇၀/၂၀၂၃၊ အမှုကြီးအမှတ်စဉ် (၄/၂၀၂၃)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

#PAN