တောင်သာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးကို လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၆

       မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊တံတားကျေးရွာအုပ်စု၊ချင်းယားတောင်ကျေးရွာတောင်ဘက် ၂ဖာလုံခန့်အကွာ လှည်းလမ်းပေါ်တွင် ဦးဝင်းမိုး၊၅၂နှစ်၊(ဘ)ဦးလှအောင်၊တောင် သူ၊ချင်းယားတောင်ကျေးရွာ၊တောင်သာမြို့နယ်နေသူမှာ ဦးခေါင်းနောက်စေ့မှကျည်ဖောက်ဝင်ပြီး ဦးခေါင်းယာဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊နောက် ကျော ခါးလယ်မှ ကျည်ဖောက်ဝင်ပြီး ရှေ့ဝမ်းဗိုက် ယာဘက်ခြမ်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် ပက်လက်အနေအထားဖြင့် သေဆုံးနေခဲ့ကြောင်း သတင်းရရှိပါသည်။

       ဖြစ်စဥ်ကို စုံစမ်းကြည့်ရာ ဦးညီထွန်း၊၃၇နှစ်၊(ဘ)ဦးပေါ်ကာ၊တောင်သူ၊ချင်းယားတောင်ကျေး ရွာ၊တောင်သာမြို့နယ်နေသူသည် ယမန်နေ့ ညနေ ၅ နာရီ ၁၅ မီးနစ်အချိန်ခန့်က ရွာတောင်ဘက်မှ သေနတ်သံများကြား၍ ကျေးရွာရှိ လူငယ်အချို့နှင့် သွားရောက်ကြည့်ရှုရာ အခင်းဖြစ်နေရာ၌ တောင်သာသို့ အလုပ်သွားလုပ်သော ၎င်း၏ ယောက်ဖဖြစ်သူ ဦးဝင်းမိုးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေနတ်ကိုယ်စီပါသော လူသတ်အကြမ်းဖက် PDF ၃ဦးမှာ ဆိုင်ကယ် ၂ စီးဖြင့် ချင်းယားတောင်ရွာ၏ တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ကို တွေ့ရကြောင်း ဦးညီထွန်း၏ ပြောပြချက်အရ သိရှိရပါသည်။

       သေဆုံးသူ ဦးဝင်းမိုး သည် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးဖြစ်ကြောင်းသိရှိရပြီး စစ်အာဏာရှင်တော်လှန်ရေးအမည်ခံ လူသတ်အကြမ်းဖက် PDF များသည် ‘ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘော ထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ယခုလို ပစ်မှတ်ထားသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#PAN