နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်

    ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာ မွန်ဝီနိုင်း၏ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈-၁၉ ရက်များတွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ပြုလုပ်ခဲ့သည့် မြန်မာအရေး ဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏မိတ်ဆွေ နိုင်ငံများက မြန်မာ့အရေးအပေါ် ဆွေးနွေးအကြံပြုနိုင်ရန် အလွတ်သဘော အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ကြိုဆိုကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသတင်းမှန်များကို ပိတ်ဆို့ခံထားရပြီး၊ တစ်ဖက်သတ် သတင်းမှားများ ကမ္ဘာအနှံ့ပျံ့နှံ့နေကြောင်း၊ အထူးသဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက်နှင့် ဆက်စပ် သုံးသပ်ကြသည်ကို တွေ့ရပြီးမြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ရည်မှန်းချက်တူညီသော ကြောင့် မိမိတို့ဆောင်ရွက်ချက်များကို ထပ်မံအသိပေးလိုကြောင်း၊ အာဆီယံ တူညီဆန္ဒ(၅)ချက်တွင် အဓိက(၃)ချက်ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်  တိုက်ခိုက်မှုများရပ်စဲရေး၊ သက်ဆိုင်သူအားလုံးပါဝင် သည့် ဆွေးနွေးပွဲများ စတင်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားသည့်အကူအညီများ  ပေးနိုင်ရေး တို့နှင့်ပတ်သက်၍ အဓိကပြောကြားခဲ့ကြောင်း၊ ပြည်တွင်း လက်နက်ကိုင်တိုက်ခိုက်မှုများ ရပ်စဲရေး အတွက် ဆောင်ရွက်သင့်သည် များအားလုံးကို မိမိတို့ဆောင်ရွက်ထားပါကြောင်း၊ စစ်အေးခေတ် ကာလ အတွင်း မြန်မာနိုင်ငံသည် အခြားဒေသတွင်းနိုင်ငံများနည်းတူ ပြည်တွင်း သောင်းကျန်းမှုများ နိုင်ငံအနှံ့ အပြား၌ပေါ်ပေါက်ခဲ့ရာ ၁၉၇၄ ခုနှစ်တွင် အတွင်းပိုင်းဒေသ (၉၀) ရာခိုင်နှုန်းကျော်အား အေးချမ်းအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများ နယ်စပ်ဒေသရွှေ့ပြောင်း ခြေကုပ်ယူရာ တွင် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဝတ်မပျက်စေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ရသဖြင့် ချေမှုန်းခြင်း မပြုဘဲ ထိန်းချုပ်ထားခဲ့ရကြောင်း၊ စစ်အေးလွန်ကာလ ၁၉၉၀ ဝန်းကျင်တွင် နယ်စပ်ဒေသတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး gentlemen agreement ရရှိခဲ့ရာ အခြေခံအားဖြင့် ရှိရင်းစွဲနယ်မြေတွင်ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရန်၊ နယ်မြေကျော် တိုက်ခိုက်ခြင်းမပြုရန်၊ အင်အားတိုးချဲ့စုဆောင်းခြင်းမပြုရန် သဘောတူ ခဲ့ကြပြီး၊ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ ယခုဆိုလျှင် (၃၃)နှစ်ရှိပြီ ဖြစ်ကြောင်း၊ ၁၉၉၀ ခုနှစ် အပစ်အခတ် ရပ်စဲစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇)ဖွဲ့နှင့် အဖွဲ့ငယ် (၁၇)ဖွဲ့ရှိသည့်  နယ်စပ်ဒေသနိုင်ငံဧရိယာ၏ (၃)ရာခိုင်နှုန်းခန့်တွင် အထူး ဒေသများအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ၎င်းဒေသများဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ကြီးဌာနတစ်ခု သီးသန့်ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ရာ အချို့အဖွဲ့များက လက်နက်နှင့်ငြိမ်းချမ်းရေးအပြီးလဲလှယ်သွားကြပြီး၊ အင်အား တစ်သောင်းကျော်မှာ Border Guard Forces-BGF/ ပြည်သူ့စစ် များအဖြစ် အသွင်ပြောင်း၍ ၎င်းတို့ဒေသ လုံခြုံတည်ငြိမ် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုအခါ EAO (၁၈) ဖွဲ့ ကျန်ရှိပြီး၊ ၎င်းတို့အနက် (၁၀) ဖွဲ့မှာ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ ကျန်(၈)ဖွဲ့မှာ NCA လက်မှတ်ရေး ထိုးခြင်းမရှိသေးသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်ပါကြောင်း၊ လက်ရှိ အစိုးရ လက်ထက်တွင် တွေ့ဆုံဆွေးနွေးမှု (၁၀၆)ကြိမ် ပြုလုပ်ခဲ့ပြီး၊ စုစုပေါင်း ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုအကြိမ် (၅၀၀၀) ကျော်ပြုလုပ် ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် ထူထောင်ရန် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန် အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေအသုံးပြုရေး စသည့် အရေးကြီး ကိစ္စရပ်များစွာကို ညှိနှိုင်းသဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို တပ်မတော်ဘက်မှ အတိအကျလိုက်နာခဲ့ပြီး၊ စတင် တိုက်ခိုက်ခြင်း လုံးဝမပြုခဲ့သလို သတ်မှတ်နယ်မြေကျော်လွန်တိုက်ခိုက်မှု လည်းမပြုပါကြောင်း ပြောကြားခဲ့ပါသည်။ EAO အချို့မှ သဘော တူညီချက်ဖောက်ဖျက်ပြီး အစိုးရထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ သယံဇာတထွက်ရှိရာ ဒေသများသို့ ဝင်ရောက်ခြေကုပ် စခန်းတည်ဆောက်ခြင်း၊ ပြည်သူလူထုကို အန္တရာယ်ပေးခြင်းကြောင့်သာ တန်ပြန်တိုက်ခိုက်ခဲ့ရပါကြောင်း၊ ထိုသို့တိုက်ခိုက် ရာတွင်လည်း အင်အား အလွန်အကျွံမသုံးဘဲ ဗီယင်နာကွန်ဗန်းရှင်းပါ Rules of Engagement-ROE ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် တပ်မတော် အရာရှိများအား လေ့ကျင့်သင်ကြား ပေးထားပါကြောင်း ဖြည့်စွက်ပြော ကြားခဲ့ပါသည်။ မြန်မာတို့သည် အသက်ကို အလွန်တန်ဖိုးထားပါကြောင်း၊ အစွန်းရောက် သူအလွန်နည်းပါးပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစ၍ (၇၅)နှစ် ကျော် လက်နက်ကိုင် တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခကြောင့် အာဆီယံ (၁၀)နိုင်ငံ၏ သေဆုံးမှုနှင့်နှိုင်းယှဉ်လျှင် (၃)ရာခိုင်နှုန်းအောက်တွင်သာ ရှိပါကြောင်း၊ လွန်ခဲ့သည့် (၂)နှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ၍ EAO အချို့က ကိုဗစ်ကာလ စီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်သော လူငယ်များအား PDF အဖြစ် သင်တန်းပေးလက်နက်တပ်ဆင်ပြီး နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေသော ပြည်တွင်းဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှု များပေါ်ပေါက်အောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် လည်း တပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မဟုတ်ဘဲ  soft target ဖြစ်သည့် လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်နေခြင်းသာဖြစ်ကြောင်း၊  ဆန့်ကျင်ဘက် ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်း၊ စစ်မှုထမ်းဟောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ NUG၊ PDF  အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် အာဆီယံတူညီဆန္ဒ(၅)ချက် ထုတ်ပြန်ပြီးမှ ပေါ်ပေါက် လာသည့်အဖွဲ့များ ဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပရောက် NUG အဖွဲ့သည် ပြည်တွင်းရှိ PDF များကို လက်နက်ခဲယမ်းငွေကြေး ထောက်ပံ့ပြီး၊ အကြမ်းဖက်လုပ်ငန်းများ စေခိုင်းနေကြောင်း၊ ကျောင်းများ၊ ဆေးရုံများ၊ ရုံးများပိတ်ရန်မလိုက်နာပါက သတ်ဖြတ်အရေးယူရန် NUG ဝန်ကြီးဆိုသူများက ညွှန်ကြားပြီး၊ PDF များက ဘုန်းတော်ကြီး (၆၉)ပါး၊ ကျောင်းသားကလေးငယ် (၁၈၇) ဦး ၊ ဆရာဆရာမ  (၇၇) ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၇)ဦး၊ စစ်မှုထမ်း ဟောင်းများ၊ ဆန့်ကျင်ဘက် ပါတီဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် နိုင်ငံ့ဝန်ထမ်း (၉၅၃) ဦးအား စသည့် လက်နက်မဲ့ပြည်သူများ(၅၈၄၆)ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုကို အကာအကွယ်ပေးရန် အစိုးရတွင်တာဝန်ရှိ၍ ဥပဒေနှင့်အညီ ပြန်လည်တိုက်ခိုက်နေခြင်းသာ ဖြစ် ကြောင်း၊ မြန်မာ့တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားပြီး၊ အတွေ့ အကြုံနှင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်၍ သာမန်လက်နက်ကိုင် အဖွဲ့များကို လွယ်ကူစွာချေမှုန်း နိုင်စွမ်းရှိပါကြောင်း၊ အင်အား သုံးချေမှုန်းမှုက မိမိတို့နိုင်ငံသားများသာ များစွာသေကျေဒဏ်ရာရ ကြမည်ဖြစ်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းရေးကိစ္စများကို အေးချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေး အတွက် အမြဲတံခါး ဖွင့်ထားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်လည်း ကြေညာထားကြောင်း၊ မုဒိမ်းမှုနှင့် လူသတ်မှုမှအပ အခြားရာဇဝတ်မှုကျူးလွန်ခြင်းများကိုပါ  လွတ်ငြိမ်းခွင့်ပေးထားကြောင်း၊ ဥပဒေဘောင် အတွင်း ဝင်ရောက်ပြီး နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်လည်း ပြုထားကြောင်း၊ တိုက်ခိုက်မှုများလျှော့ချရေးနှင့် အားလုံးပါဝင် ဆွေးနွေးခွင့်ရရှိရေးအတွက် လမ်းအား လုံးဖွင့်ပေး ထားပြီးဖြစ်ကြောင်း၊ မုဒိမ်းမှုနှင့် လူသတ်မှုကို ကင်းလွတ်ခွင့်မပေးခြင်းမှာ ကျူးလွန်ခံရသူ မိသားစုများ၏ ဆန္ဒကိုမျက်ကွယ်ပြုရန် မသင့်သောကြောင့်ဖြစ်ကြောင်း၊ EAO များသည် အဓိကအားဖြင့် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့်လူမှောင်ခိုမှုကဲ့သို့ တရားမဝင်လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ် လိုကြ၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အပြည့်အဝ မပါဝင်ကြ ကြောင်း၊ ရွေးကောက်ပွဲ (၃)ကြိမ် စလုံးမပါဝင် ခဲ့ကြကြောင်း၊ ဓာတုပစ္စည်းများကိုအခြေခံ၍ မူးယစ်ဆေး ထုတ်လုပ်ကြ သည့်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရန် ပိုမိုခက်ခဲလာကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် တရားမဝင်စီးပွားရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုလုပ်ငန်းများနှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။

လူသားချင်းစာနာမှုအကူအညီများကိစ္စနှင့်  ပတ်သက်၍လည်း မြန်မာနိုင်ငံအစိုးရသည် AHA Center ၏ မြန်မာပြည်တွင်ဆောင် ရွက်သည့်လုပ်ငန်းများကို အပြည့်အဝပံ့ပိုးပေးလျက်ရှိကြောင်း၊  ရခိုင်ပြည် နယ်မှ နေရာစွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စများကိုလည်း ပိုမို မြန်ဆန်စွာဆောင်ရွက်နိုင်ရန် မြန်မာ နိုင်ငံအနေနှင့်တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှ အဖွဲ့အစည်းအချို့၏ ခြိမ်းခြောက်မှုများကြောင့် နှောင့်နှေးမှုအချို့ရှိသော်လည်း၊ မိမိတို့အနေနှင့် အားလုံး ၏ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ အသိပေးပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေနှင့် မီဒီယာအချို့မှ  တစ်ဖက်သတ်ပုံဖျက်နိုင်ရန် သတင်းမှန်များကို ပိတ်ထားသည့် ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းနေရ သည်ဖြစ်ရာ မြေပြင်အခြေအနေမှန်ကို ပိုမိုသိရှိနိုင်ရန် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လိုကြောင်း၊ အာဆီယံတွင်လည်း မြန်မာနိုင်ငံ အနေနှင့် အဆင့်တိုင်းတွင် ပုံမှန်ဆက်သွယ်ဆောင်ရွက်နိုင် မှသာ မြန်မာနိုင်ငံအရေးကိစ္စကို ကူညီပံ့ပိုး လိုသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များသည် မြေပြင်အခြေအနေမှန်များကို မှန်ကန်စွာသိရှိသုံးသပ်နိုင်ပြီး ပိုမိုထိရောက်စွာ ကူညီနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ပြည်တွင်းတွင် ဥပဒေနှင့် အညီဆောင်ရွက်လိုသည့် NLD ပါတီဝင် များစွာရှိပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုမှာလည်း (၂၉)ရာခိုင်နှုန်းကျော်ဖြစ်၍ မည်သည့် ဒီမိုကရေစီနိုင်ငံမှ လက်ခံနိုင်သည့်အခြေအနေမဟုတ်ပါကြောင်း၊ စစ်ဆေးပြီး ချိန်တွင် မီဒီယာများ၊ သံတမန်များကို ဖိတ်ခေါ်ရှင်းပြထားပြီးဖြစ်ပါ ကြောင်း၊ ဥပဒေကြောင်းအရ ရင်မဆိုင်ဘဲ ပြည်ပ ထွက်ပြေးပြီး NUG ဖွဲ့၍ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်နေခြင်းသာဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်(၃၀)ကလည်း အလားတူ NCGUB ယှဉ်ပြိုင်အစိုးရအဖွဲ့ရှိခဲ့ကြောင်း၊ ဒီမိုကရေစီရရေးအကြောင်းပြပြီး နိုင်ငံတကာအကူအညီ များစွာရယူခဲ့သော်လည်း တကယ်တမ်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ (၂)ဆက်ကာလတွင် ၎င်းတို့ NLD အာဏာရစဉ်မှာပင် တစ်ယောက်မှပြန်မလာကြကြောင်း၊ ပြည်ပြေး အားလုံးလိုလို နိုင်ငံကြီးများ တွင် ဒုက္ခသည် နိုင်ငံရေးခိုလှုံခွင့်အဆင့်မှ နိုင်ငံသားဖြစ်ရန်ကြိုးစားပြီး နိုင်ငံကြီးများတွင် ချမ်းသာစွာနေထိုင်နေကြပြီး  နိုင်ငံနှင့်ပြည်သူကို ပြန်မကြည့်ကြကြောင်း၊ ယခုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး နိုင်ငံရေးပါတီဖွဲ့ခွင့်ပြုထားဆဲဖြစ်၍ နိုင်ငံနှင့် ပြည်သူအကျိုး ကြည့်လျှင် ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး ငြိမ်းချမ်းစွာနိုင်ငံရေးလုပ်ငန်းစဉ် တွင် ပါဝင်နိုင်မည်ဖြစ် ကြောင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များ စွန့်လွှတ်သင့်ကြောင်း၊ မိမိတို့အစိုးရသည် ရွေးကောက်ပွဲပြီးက အနိုင်ရပါတီအား အာဏာလွှဲပေးချိန်၌ တာဝန်ယူဆောင်ရွက် ခဲ့သည့်ကာလအတွင်း အခြေအနေအရပ်ရပ်ကို လွှတ်တော်သို့ တင်ပြရမည်ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီး မှတ်တမ်းများစနစ် တကျထားရှိပါကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုက်ခိုက်မှု စား ဆွေးနွေးမှုနှင့်ဆောင်ရွက်နေသည်မှာ (၃၃)နှစ်ကျော်ရှိနေပြီဖြစ် ကြောင်း၊ ၎င်းကာလ အတွင်း EAO အများစုသည် အမြတ်အစွန်းအလွန်ကြီးမားသည့် မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ် နိုင်၍ အချိန်ဆွဲနေခြင်း သာဖြစ်ပြီး အစိုးရအဆက်ဆက်အနေဖြင့်သိရှိပြီး အပစ်အခတ်ရပ်စဲမှုကို မပျက်လို၍ စိတ်ရှည်ရှည်ထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေ၍ တိုက်ခိုက်မှုများ အတန်အသင့်လျော့ကျလာသလို ဥပဒေဘောင်အတွင်း ဝင်ရောက်မှု များလည်း ရှိလာနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝပြီး အိမ်နီးချင်း (၅)နိုင်ငံတွင်  လူဦးရေ သန်း (၃၁၀၀)ကျော်ရှိ၍ ကမ္ဘာ့အကြီးဆုံးဈေးကွက်အလယ်တွင်ရှိသဖြင့် ဖွံ့ဖြိုး တိုးတက်မှု အလားအလာကောင်းများရှိသော်လည်း ပြင်ပစွက်ဖက်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများ နှစ်ပေါင်းများစွာ အခက်အခဲကြုံတွေ့ရကြောင်း၊ မိမိတို့နိုင်ငံရေး ပထဝီဝင်အနေအထားအရ မည်သည့် အစိုးရတက်တက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို လက်ခံကျင့်သုံးခဲ့ပြီး အခြားနိုင်ငံ များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို ကမ္ဘာ့မည်သည့်နိုင်ငံနှင့်မှလည်း တိုက်ရိုက်ပြဿနာ တစ်စုံတစ်ရာမရှိခဲ့ကြောင်း သတင်းမှားများဖန်တီးပြီး ဖျက်ဆီးရန်ကြိုးပမ်းမှုများကို အခြေအနေမှန် သိရှိသော မိမိတို့မိတ်ဆွေနိုင်ငံများ၏ အကြံဉာဏ်ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေး တက်ရောက်လာကြသည့် မြန်မာ့မိတ်ဆွေနိုင်ငံများမှ ကိုယ်စားလှယ်များသည် မြန်မာ နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးကို မစွက်ဖက်လိုကြောင်း၊ မြန်မာ့မိတ်ဆွေနိုင်ငံများအနေနှင့် မြန်မာပြည် ငြိမ်းချမ်း တည်ငြိမ်ရေး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ရေးကို  ကူညီပံ့ပိုးရန် အသင့်ရှိကြကြောင်း၊ အာဆီယံအနုတ်ပုံစံမဖြစ်စေလိုကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မှုများကိုလည်း မြှင့်တင်လာနိုင်ရန်မျှော်လင့်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြပါ သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်