ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Mr. Park Jin မှ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

ဇွန် ၁၇

     ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Mr. Park Jin မှ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်ရောက်ရှိနေသော အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ၁၆-၆-၂၀၂၃ ရက်နေ့တွင် တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ နှင့်အတူ တက်ရောက်ခဲ့ပါသည်။

      အဆိုပါအလုပ်သဘောနေ့လယ်စာစားပွဲတွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က ဆွေးနွေးပြောကြားရာ၌ အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေးသည် (၃၅)နှစ်ပြည့်မြောက်တော့မည်ဖြစ်ရာ အာဆီယံနှင့်ကိုရီးယား တို့အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေးကိစ္စ၊ အာဆီယံဒေသသည် အနာဂတ်တွင် ကမ္ဘာပေါ်၌ အဓိကအချက်အချာကျသည့် ဒေသသို့ရောက်ရှိလာမည်ဖြစ်၍ အဖွဲ့ဝင်နိုင်ငံများနှင့်အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများအကြား ဘက်စုံပိုမိုပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ အာဆီယံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၏အရေးပါမှုတို့ကို အလေးထားကာ ရည်မှန်းချက်များအကောင်အထည် ဖော်သွားရေးကိစ္စနှင့် Korea-ASEAN Solidarity Initiative (KASI) ကို ဆက်လက်အကောင် အထည်ဖော်သွားရေးကိစ္စတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

       နေ့လယ်စာစားပွဲတွင် မြန်မာသံအမတ်ကြီးက အာဆီယံအတွင်းရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် မြန်မာသံရုံးသည် ကိုရီးယားသမ္မတနိုင်ငံရှိ အခြားအာဆီယံသံရုံးများ နှင့်အတူ တက်ကြွစွာ ပါဝင်တက်ရောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မေလအတွင်းက ဆိုင်ကလုန်းမိုခါ (MOCHA) မုန်တိုင်း တိုက်ခိုက်ခံရမှုကိစ္စနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကိစ္စတို့နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

#PAN