၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ဇွန် ၁

      ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက် ရှိသည်။

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ် တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၇၅၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း စုစုပေါင်း(၂၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စုစုပေါင်း(၁၄)ကျောင်း၊ စုစုပေါင်း(၇၉၉)ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၇၀၄၂)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

      နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များတွင်လည်း ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များအညီနှင့်အေးချမ်းစွာ တက်ရောက်ပညာသင်ကြား လျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၂၂၉၃၃၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ များကို သင်ရိုးညွှန်းတန်းစာအုပ်များ အခမဲ့ထုတ်ပေးပြီး ကျောင်းဝတ်စုံနှင့် ဗလာ စာအုပ်များကို အခမဲ့ပေးအပ်လျက်ရှိကြောင်းသိရှိရသည်။

     ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ် တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် ကိုဗစ် – ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင် ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ ပို့ ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး စသည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးထားကြသည်။

    ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ် အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများအား  ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

#PAN